ရန်ကုန်၊ နိုဝင်ဘာ ၁၂
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ရှမ်းကုန်းရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်တွင် ကန့်ဘလူ ၆၀၀၆ အထိုင် ခြေမြန်တပ်ရင်း-၃၆၇ မှ အကြမ်းဖက် စစ်သားများနှင့် ပျူစောထီး ၂၀၀ ခန့်က ရှမ်းကုန်းရွာကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီး နေခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နံနက် ၇ နာရီခွဲခန့်တွင် ရှမ်းကုန်းရွာမှ ပြန်လည်ထွက်ခွာသွားပြီး နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် အင်းမရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ထပ်မံ ဝင်ရောက်စီးနင်းကြောင်း သိရသည်။
” ပျက်စီးဆုံးရှုံးမှုနဲ့ ပြည်သူတွေ ထိခိုက်မှု ရှိမရှိကို အတည်မပြုနိုင်သေးဘူး။ ရှမ်းကုန်းရွာ အနီးတစ်ဝိုက်မှာ စစ်ခွေးတွေက ခြေရှုပ်နေတော့ မြေပြင်က အတည်ပြုချက်တွေ မလုပ်နိုင်သေးဘူး။ ပြည်သူတွေလည်း အခုထိပြေးလွှားနေရတယ်” ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်တွင် စစ်ကြောင်း ၂ ကြောင်းခွဲကာ ရှမ်းကုန်းရွာနှင့် ပင့်သာရွာတို့တွင် တပ်စွဲထားပြီး ဒေသခံ ပြည်သူ ၂ ထောင်ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း သိရသည်။
” ရှမ်းကုန်းကျေးရွာနဲ့ အင်းမကျေးရွာကို စစ်ခွေးနဲ့ပျူ အင်အား ၁၀၀ ကျော်က ဝင်ရောက်ပီး ဒီနေ့ နံနက် အစောပိုင်းမှာ မီးရှို့လို့ ရှမ်းကုန်းရွာ လူနေအိမ် ၄ လုံးမီးလောင်ပျက်စီးတယ်လို့ ကနဦးသိရတယ်။ အင်းမကျေးရွာကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ဝင်နေပါတယ်။ ၁၁ ရက်နေ့ ညနေပိုင်းထဲက ရှမ်းကုန်းရွာ ဘုန်းကြီးကျောင်းမှာ ညအိပ်ပြီး နံနက် လင်းတော့ မီးစရှို့တာပဲ ပင့်သာကျေးရွာမှာက စစ်ခွေးနဲ့ ပျူတွေတပ်ဆွဲထားတယ်။ အင်အား ၁၀၀ ဝန်းကျင်လောက်ရှိတယ်။ စစ်ကြောင်းက ၂ ကြောင်းဗျ အနီးအနားက ကျေးရွာတွေဖြစ်တဲ့ ဖလားရကျေးရွာနဲ့ ချောင်းခြားကျေးရွာက ပြည်သူတွေက ကြောက်ပီးဘေးလွတ်ရာသို့တိမ်းနေရ ပြည်သူ ၂ ထောင်ကျော်လောက်ရှိတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးက ပြောဆိုသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် ဝင်ရောက် စီးနင်းမှုကြောင့် ပင်တဲ၊ ဟင်းဖြူတော၊ အုတ်ခင်း၊ နဂါးပေါ်၊ ပိတောက်ပင်နှင့် ပင့်သာကြီးရွာများမှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း သိရသည်။
Photo – အောက်တိုဘာလ ၂၇ ရက်နေ့က အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သော ကန့်ဘလူမြို့နယ် ရှားကျောင်းရွာ