ရန်ကုန်၊ နိုဝင်ဘာ ၁၄
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ် ၊ ဇေယျာ ၃ ရပ်ကွက်တွင် ယနေ့ ညနေပိုင်း ပစ်ခတ်မှုများဖြစ်ပွားနေပြီး စစ်တပ်က နေအိမ်တစ်အိမ်ကို ဝင်စီးရာမှ ပစ်ခတ်မှုများဖြစ်ပြီး စစ်အင်အား အလုံးအရင်းဖြင့် ရပ်ကွက်ကိုပါ ပိတ်ဆို့ထားကြောင်း ဒေသခံများက ပြောဆိုသည်။
နိုဝင်ဘာလ ၁၄ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်မှစတင်ပြီး စစ်တပ်က ဇေယျာ ၃ ရပ်ကွက်အတွင်းရှိ နေအိမ်ကို ဝင်ရောက်စီးနင်းရန် ပြင်ဆင်နေစဉ် ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း၊ လတ်တလော စစ်တပ်က လက်နက်ကြီးများ ပါ အသုံးပြုပစ်ခတ်နေကြောင်း၊ အပြန်အလှန် ပစ်ခတ်မှုကြောင့် ရဲတစ်ဦး ထိမှန်သေဆုံးထားသည်ဟု သိရှိထားသော်လည်း အသေးစိတ် အခြေအနေ မသိရှိရသေးကြောင်း ဒေသခံများက ဆိုကြသည်။
“ညနေ ၄ နာရီကျော်ကတည်းက အခုအထိပစ်နေကြတယ်။ လက်နက်ကြီးတွေ စက်သေနတ်တွေနဲ့ စစ်တပ်က ပစ်နေတာ။ ရပ်ကွက်က အစွန်လောက်မှာ ဖြစ်နေကြတာ။ ပြည်သူတွေက အထဲမှာ နေနေရတယ်။ လက်နက်ကြီးတောင် ရှစ်ချက် ရှိနေပြီ ပစ်တာ။ မော်လမြိုင်ဇေယျာ ၃ ဘက်မှာပစ်နေကြတာ။ တိုက်ခန်းငှါးနေတဲ့သူတွေကို တံခါးမဖွင့်ပေးလို့ပစ်ကြတာ။ ရပ်ကွက်ကို မဆိုင်တဲ့မထွက်နဲ့အကုန်ပစ်သတ်မယ်တဲ့ စစ်တပ်က အော်နေတယ်။ စကစဘက်ကအင်အားအများနဲ့လာပစ်နေတာ။ ရဲတစ်ယောက်သေသွားပြီ။ ရပ်ကွက်က လူတွေကို အပြင်ထွက်ပြီး ပြောင်းခိုင်းနေတယ်။ မိုင်းဆွဲမလို့လို့ ပြောတယ်” ဟု ဒေသ ခံတစ်ဦးက ပြောဆိုသည်။
လက်ရှိအချိန်တွင် စစ်တပ်က ရပ်ကွက်တစ်ခုလုံးကို ပိတ်ဆို့ထားပြီး ၎င်းတို့ ပြောင်းရွှေ့ခိုင်းထားသူများမှ အပ မည်သူကိုမှ အပြင်ထွက်ခွင့်မပေးကြောင်း သိရှိရသည်။
ဓာတ်ပုံ- ပစ်ခတ်မှုဖြစ်ပွားနေသော မော်လမြိုင် ဇေယျာ ၃ ရပ်ကွက် တစ်နေရာ။