ရန်ကုန်၊ နိုဝင်ဘာ ၁၄
ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာ ကိုပေါက် ၏ “ မသောက်မိသော မိုးခါးရေ” ဇာတ်လမ်းရှင်ရှင်ကို Free Burma Action Committee-Northern California က ကြီးမှူး၍ အမေရိကန်ပြည်ထောင်စု၊ မြောက်ပိုင်းကာလီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုပင်လယ်အော်ဒေသရှိ ဆန်လီရမ်ဒိုမြို့၊ ပရိသတ် ၇၅၀ ခန့် Historic Bal Theater ရုပ်ရှင်ရုံကြီးတွင် ပြသခဲ့ရာ ၇၅ တန်၊ ၃၅ တန်လက်မှတ်များ အားလုံးကုန်သွားသည့်အပြင် ရုံပြည့်ရုံလျှံ လာရောက်အားပေးခဲ့ကြကြောင်း သိရှိရသည်။
ဇာတ်လမ်းရုပ်ရှင်ပြသခြင်းအစီအစဉ်နှင့်အတူ ကိုပေါက်နှင့် ပရိတ်သတ်တိုက်ရိုက်အမေးအဖြေကဏ္ဍ၊ ကိုပေါက်ဆွဲထားသော ကိုမင်းကိုနိုင်ရုပ်ပုံပန်းချီကား၊ ပန်းချီနုယဉ်ဆွဲထားသော အမေဒေါ်အောင်ဆန်းစုကြည် ပန်းချီကားနှင့် မပန်ဆယ်လိုအားလှူဒါန်းထားသော ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည်ပန်းချီကားများကို မပန်ဆယ်လိုနှင့် Free Burma Action Committee-Northern California ၏ ကော်မီတီဝင်များက ဦးဆောင်၍ လေလံတင်ရောင်းခြင်း ၊ ကိုပေါက်ပုံပါ တီရှပ်များလည်းကိုလည်း ရန်ပုံငွေရှာ ရောင်းချကြောင်း သိရှိရသည်။
လက်မှတ်ရောင်းရငွေ၊ အစားအသောက်၊ တီရှပ်ရောင်းးငွေ၊ အလှူခံရရှိခြင်းနှင့် လေလံရောင်းရငွေစုစုပေါင်း ဒေါ်လာ ၆၅၀၀၀ ကျော်နှင့် ပရိတ်သတ်များက ဒါရိုက်တာကိုပေါက်အတွက် သီးသန့်အလှူငွေ ဒေါ်လာ ၇၀၀၀ ကျော်ရရှိကြောင်း၊ရရှိသော အလှူငွေများကို မြန်မာပြည်သို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။