ရန်ကုန်၊ နိုဝင်ဘာ ၁၅
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဘုရားမကုန်းရွာတွင် စစ်တပ်အတွက် သတင်းပေးနေသည့် ငကြူးကို ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ်ရာမှ ငပြူး သေဆုံးခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၁၅ ရက်နေ့တွင် မတ္တရာမြို့နယ်၊ ဘုရားမကုန်းရွာရှိ စစ်တပ် သတင်းပေး ငကြူးကို ကာကွယ်ရေး တပ်ဖွဲ့များက ဖမ်းဆီး ပစ်ခတ်ခဲ့ပြီး သေဆုံးသွားကြောင်း၊ အဆိုပါ စစ်တပ် သတင်းပေး ငကြူးသည် နိုဝင်ဘာလ ၁၃ ရက်နေ့က မြစ်ကြီးနားမှ အောက်သို့ စုန်ဆင်းမည့် စစ်သင်္ဘောများ မဆင်းရန်အတွက် သတင်းပေးခြင်း၊ ထိုသင်္ဘောအား လုံခြုံရေးယူရန်အတွက် ဆင်းလာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းကွင်း နေရာများ ပြသခြင်း အကာအကွယ် မရှိဘဲ မဆင်းရန် အတွက်သတင်းပေးခြင်း၊ ကုန်းလမ်းမှ လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကိုလည်း ၎င်းကိုယ်တိုင် သွားရောက်ကြိုဆိုခြင်း၊ ပြည်သူများတင်မက မိသားစုကိုပါ ဒုက္ခကြီးကြီးပေးသည့်သူဖြစ်ပြီး သစ်တောဌာနနှင့် ပူးပေါင်း၍ ပြည်သူအား ဒုက္ခပေးနေခြင်းများ စိစစ် ပေါ်ပေါက်ခဲ့သောကြောင့် ဖမ်းဆီး ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့သို့ ဖမ်းဆီးစစ်ဆေးစဥ်အတွင်း အကြမ်းဖက် စစ်တပ် သတင်းပေး ငကြူးသည် ပျူစောထီး သင်တန်းဆင်း၊ ဒလန် ၆ ဦးကိုလည်း ဖော်ထုတ်ပြောပြောဆိုသွားခဲ့ကြောင်း သိရသည်။
ယင်း ဖမ်းဆီး တိုက်ခိုက်မှုကို မတ္တရာမြို့နယ် နတ်ဆိုးမြေအောက်တော်လှန်ရေးအဖွဲ့ နှင့် ဒေါင်းစစ်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မတ္တရာ ( PWF )တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အလားတူ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင်၊ ဆွာမြို့ တောင်ပိုင်းအုပ်ချုပ်ရေးမှူး ထွန်းထွန်းနိုင်ကို ရေတာရှည်မြို့ ဖီးနစ်မြို့ပြ ပြောက်ကျားတပ်က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်တွင် ၎င်းပိုင်ဆိုင်သည့် စျေးဆိုင်တွင် ထိုင်နေစဥ် ရေတာရှည်မြို့ ဖီးနစ်မြို့ပြ ပြောက်ကျား တပ်ဖွဲ့က အနီးကပ် ဦးခေါင်းကိုတေ့ပြီး ပစ်ခတ်ခဲ့သောကြောင့် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသွားသော အုပ်ချုပ်ရေးမှူး ထွန်းထွန်းနိုင်ကို YPDF အဖွဲ့များမှ စစ်တပ် သတင်းပေး မလုပ်ရန် အကြိမ်ကြိမ် သတိပေးခဲ့သော်လည်း ဆက်လက် လုပ်ဆောင်ခြင်း၊ CDMများနှင့် ၎င်းမကျေနပ်သူများကို ဖမ်းဆီး အပြစ်ပေးရန် စစ်တပ်နှင့်ပူးပေါင်း ပါဝင်ခဲ့ကြောင့် ဖီးနစ်ပြောက်ကျားအဖွဲ့မှ ဝင်ရောက် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
” အုပ်ချုပ်ရေးမှူးက သေပါတယ်။ နေရာတင် သေတာပါ။ အခု ဆွာမြို့ ဆေးရုံ ရင်ခွဲခန်းထဲမှာပါ” ဟု ရေတာရှည်မြို့ ဖီးနစ်မြို့ပြ ပြောက်ကျားတပ်မှ ဗိုလ်ကြက် သွန်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဓာတ်ပုံ- ပစ်ခတ်မှုကြောင့် သေဆုံးသွားသော စစ်တပ်သတင်းပေး ငကြူးနှင့် ရေတာရှည်မြို့နယ်တွင်၊ ဆွာမြို့ တောင်ပိုင်းအုပ်ချုပ်ရေးမှူး ထွန်းထွန်းနိုင်။