ရန်ကုန်၊ နိုဝင်ဘာ ၁၅
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု ၆ ကြိမ်ပြုလုပ်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၂၈ ဦးသေဆုံးခဲ့ကြောင်း မြစ်ခြေ-ကျွန်းချောင်း PDF တပ်ဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၄ ရက်နေ့ ည ၁၀ နာရီခန့်တွင် ကင်းပတ်နေသည့် စစ်သားနှင့် ပျူစောထီးများကို ကျွန်းချောင်း တမာဝိုင်းကွေ့တွင် ပဒေသာမိုင်း အလုံး ၂၀ ဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်တွင် ရေနံပိုက်လိုင်းလျှောက်ရန် လာသော စစ်သားနှင့် ပျူစောထီးများ မိုင်း ၅ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၇ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ရေနံပိုက်လိုင်းလျှောက်ရန် ထပ်မံလာရောက်သော စစ်သားနှင့် ပျူစောထီးများ ပဒေသာမိုင်း ၁၀ လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ပိုက်လိုင်းလျှောက် လာသော စစ်သားနှင့် ပျူစောထီးများကို မိုင်း ၁၀ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် မြစ်ခြေ-ကျွန်းချောင်း PDF အဖွဲ့၏ စခန်းကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းစဥ် စခန်းအတွင်း၌ မိုင်းများ ထောင်ထားခဲ့ပြီး ဖောက်ခွဲ တိုက်ခိုက်ခဲ့သောကြောင့် ၈ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၁၄ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်တွင် ကျွန်းချောင်း-ဆိပ်ဖြူ လမ်းပိုင်း တစ်နေရာတွင် ကင်းပတ်နေသည့် စစ်သား၊ ပျူစောထီးများနှင့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
” မြစ်ခြေ-ကျွန်းချောင်း PDF တပ်ဖွဲ့က ၄ ရက်နေ့ကနေ ၁၅ ရက်နေ့ထိ မိုင်းဆွဲ တိုက်ခိုက်မှု ၆ ကြိမ် ပြုလုပ်ခဲ့တယ်။ စစ်သားနဲ့ ပျူစောထီး ၂၈ ဦးသေဆုံးတယ်။ စစ်ခွေးတွေက မြစ်ခြေ-ကျွန်းချောင်း PDF တပ်ဖွဲ့ရဲ့ အခြေစိုက် စခန်းကို စီးနင်းဖျက်ဆီးခဲ့တယ်။ ရဲဘော်တွေ ထိခိုက်တာတွေမရှိဘူး” ဟု မြစ်ခြေ-ကျွန်းချောင်း PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
နိုဝင်ဘာလ ၄ ရက်နေ့မှ နိုဝင် ဘာလ ၁၄ ရက်နေ့ထိ ဖြစ်ပွားခဲ့သော ထိတွေ့ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီ တပ်သား ၂၈ ဦးသေဆုံးခဲ့ပြီး မြစ်ခြေ-ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၁၅ ဦးခန့်သေဆုံးခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ခင်ဦးမြို့နယ်၊ သရက်ပင်စုရွာတွင် ကျန်ခဲ့သည့် အကြမ်းဖက် စစ်တပ် စစ်တပ်ကြောင်းသည် ကားဆိပ်ရွာကို ဖြတ်၍ ရွာအနောက်ဘက်ရှိ လျှော်ဖြူခြံအနီးတွင် L. G .R .F အဖွဲ့က မိုင်း ၂ လုံး ဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၅ ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။
“ခင်ဦး သရက်ပင်စုမှာ ကျန်နေတဲ့ စစ်ခွေးတွေ ယနေ့ နံနက်ပိုင်းမှာ သူတို့ ကားဆိပ်ရွာကိုဖြတ်ပြီးအနောက် တောင်ဘက်ကို ဆက်သွားတယ်။ ကားဆိပ်ရွာ အနောက် လျှော်ဖြူခြံအနီးမှာ ကျွန်တော်တို့ L. G .R .F အဖွဲ့က မိုင်း ၂ လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ပါတယ်။ ခွေး ၁၅ ကောင် ထက်မနည်း ထပ်မံသေဆုံးခဲ့တယ်” ဟု L.G.R.F အဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
ထို့ပြင် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ အိန္ဒိယ-မြန်မာ နယ်စပ်အနီးတွင် တိုက်ပွဲဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာများဖြင့် ဗုံးကျဲ တိုက်ခိုက်နေကြောင်း သိရသည်။
နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်း ၆ နာရီခန့်တွင် ဖလမ်းမြို့နယ်၊ သီးဘွာလ်ကျေးရွာရှိ အကြမ်းဖက် စစ်တပ် တပ်စခန်းကို ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ CNDF နှင့် ချင်းဒေသကာကွယ်ရေး အဖွဲ့များ ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်နေပြီး အကြမ်းဖက် စစ်တပ် ဘက်မှလည်း ဂျက်ဖိုက်တာများဖြင့် ဗုံးကျဲ တိုက်ခိုက်နေကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးဘဲ အကြမ်းဖက် စစ်တပ်က တပ်စခန်း မဆုံးရှုံးရေး အပြင်းအထန် ခုခံနေရကြောင်း နယ်မြေခံ သတင်းရင်းမြစ်များ ထံမှ သိရသည်။
Photo – ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။