ရန်ကုန်၊ နိုဝင်ဘာ ၁၅
အဆိုတော် စောဖိုးခွားကို အင်းစိန်ထောင်မှ အထွက်တွင် ရဲတပ်ဖွဲ့ ပြန်လည်ခေါ်ဆောင်သွားသည်ဟု သတင်းများရရှိထားပြီး လက်ရှိအချိန်အထိ အိမ်ပြန် မရောက်သေးကြောင်း စောဖိုးခွားနှင့် နီးစပ်သော အသိုင်းအ၀ိုင်းများထံမှ သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီက အဆိုတော်စောဖိုးခွားနှင့် ဒါရိုက်တာမင်းထင်ကိုကိုကြီးတို့ကို လွတ်ရက်စေ့၍ ပြန်လွှတ်ပေးသည်ဟု သတင်းထုတ်ပြန်ထားသော်လည်း လက်ရှိအချိန်အထိ အဆိုတော် စောဖိုးခွားမှာ အိမ်ပြန်မရောက် သေးဟု သိရှိရသည်။
ရန်ကုန်ခေတ်သစ်ထံ ဝင်ရောက်လာသော သတင်းတချို့အရ အဆိုတော်စောဖိုးခွားကို အင်းစိန်ထောင်က ယနေ့ လွှတ်လိုက်ချိန်တွင် တောင်ငူ ရဲစခန်းက လာရောက်ခေါ်ဆောင်သွားကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲမဲဆွယ်ကာလ တောင်ငူတွင် ရဲတပ်ဖွဲ့ဘက်က အဆိုတော် စောဖိုးခွားကို အမှုဖွင့်လှစ်ခဲ့သဖြင့် အဆိုပါအမှုအတွက် လာရောက် ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု သိရှိရသည်။
သို့ရာတွင် အဆိုပါသတင်းနှင့်ပတ်သက်ပြီး အဆိုတော်စောဖိုးခွား၏ မိသားစုထံမှ အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပေ။
အကြမ်းဖက်စစ်ကောင်စီက ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ပုဒ်မ ၅၀၅ (ခ) ဖြင့်ထောင်ဒဏ် ၂ နှစ်၊ အဆိုတော် စောဖိုးခွားကို သဘာဝဘေးစီးမံခန့်ခွဲမှုပုဒ်မ ၃၀ (က)နှင့် ပုဒ်မ ၅၀၅ (ခ)တို့ဖြင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်။