ရန်ကုန်၊ နိုဝင်ဘာ ၁၅
မကွေးတိုင်း၊ ဆောမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ် မီးရှို့မှု ယနေ့ ညပိုင်းထိ မီးမငြိမ်းနိုင်သေးကြောင်း ယောအလင်းတန်း အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၁၁ နာရီခန့်မှ စတင်ကာ အကြမ်းဖက် စစ်တပ်က လက်ပန်းရွာကို ဝင်ရောက် စီးနင်း မီးရှို့ခဲ့ပြီး မွန်းလွဲ ၃ နာရီခန့်တွက် ပဆုတ်ရွာကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ညနေပိုင်းတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက လက်ပန်းရွာ အတွင်းသို့ ထပ်မံ ရောက်ရှိလာပြီး ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ပန်းရွာမှ ဆရာတော် ၁ ပါး အပါအဝင် ပြည်သူ ၅ ဦး ဖမ်းဆီးထားကြောင်း ဒေသခံပြည်သူများကပြောဆိုသည်။
” လက်ပန်းရွာကော ပဆုတ်ရွာကော အခုထိ မီးမငြိမ်းသေးဘူး။ ပြည်သူတွေကော ကာကွယ်ရေး အဖွဲ့တွေကော ဝင်ငြိမ်းနေကျတယ်။ မီးတောက်က ကြီးတော့ အခုထိ ငြိမ်း မနိုင်သေးဘူး။ လက်ပန်းရွာကတော့ တော်တော် အခြေ အနေဆိုးတယ်။ နံနက်တစ်ခါ ၊ ညနေတစ်ခါ ၂ ကြိမ်တောင် မီးရှို့ခံရတာ ခန့်မှန်းခြေ နေအိမ် ၅၀ ကျော်လောက် ဆုံးရှုံးနေပြီး အခုထိလည်း မီးမထိန်းနိုင်သေးဘူး။ ပျက်စီးဆုံးရှုံးမှုများနိုင်တယ်” ဟု ယောအလင်းတန်း အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။