ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅
အကြမ်းဖက် ဖက်ဆစ်စစ်တပ်က ကျူးလွန်နေသည့် အကြမ်းဖက်မှုများကို အနီး ကပ်စောင့်ကြည့် အရေးယူပေးရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက မေတ္တာရပ်ခံလိုက်ကြောင်း သိရှိရသည်။
ဖေဖော်ဝါရီလ ၁၄ ရက်နေ့၊ နံနက်ပိုင်းတွင် ပြုလုပ်သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီ အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အထက်ပါအတိုင်း ပြောဆိုတိုက်တွန်းလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတွင်စစ်တပ်မှ မအောင်မြင်သော နိုင်ငံတော်အာဏာ မတရားသိမ်းမှု ပြုလုပ်ခဲ့သည့်အချိန်မှစ၍ စစ်တပ်သည် မြန်မာပြည်သူများအပေါ်၌ ရက်စက်ကြမ်းကြုတ်မှုမြောက်များစွာ ကို ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျကျူးလွန်ခဲ့ကြောင်း၊ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံနှင့် သက်ဆိုင်သော စုံစမ်းစစ်ဆေးရေးယန္တရား IIMM ၏ ထုတ်ပြန်ချက်များအရ စစ်တပ်၏ အကြမ်းဖက်မှုများသည် လူသား မျိုးနွယ်စုအပေါ် ကျူးလွန်သည့်ပြစ်မှုပင်မြောက်နိုင်သည်ဟု ထုတ်ဖော်ပြောကြားခဲ့ကြောင်း၊ စစ်တပ်သည် လွန်ခဲ့သောနှစ်အတွင်း ၌လည်း လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ၊ ပြည်သူများ ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ၊ လူသားမဆန်သောပြစ်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများကို ကျူးလွန်ခဲ့ပါကြောင်း သံအမတ်ကြီးက ဆိုသည်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့တွင် မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော ရန်ကုန်မြို့၌ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေကြသည့် ပြည်သူအုပ်စုကို စစ်တပ်မှ အနောက်ကနေ၍ ကားဖြင့် ဝင်တိုက်ခဲ့ရာ ပြည်သူ (၅) ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း၊ အဆိုပါဖြစ်စဉ်သည် စစ်တပ်မှ လူမြင်ကွင်းတွင် ကျူးလွန်ခဲ့သည့် ပြစ်မှုတစ်ရပ်ပင်ဖြစ်ကြောင်း သံအမတ်ကြီးက ပြောသည်။
ယေဘုယျအားဖြင့် ယင်းသို့သော လူသားမဆန်သည့်အပြုအမူကို အကြမ်းဖက်သမားများကသာ ကျူးလွန်လေ့ရှိကြောင်း၊ သို့သော် မြန်မာနိုင်ငံတွင်မူ ထိုသို့သော အကြမ်းဖက်မှုကို တရားဥပဒေစိုးမိုးရေး အတွက် ဖော်ဆောင်နေသည်ဟုဆိုသော တပ်ဖွဲ့ဝင်များက ကျူးလွန်နေသည်ကို မြင်တွေ့ရသည်မှာ ဝမ်းနည်းဖွယ်ကောင်းကြောင်း၊ ထို့ကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အဆိုပါအကြမ်းဖက်မှုမျိုးကို အပြင်းထန်ဆုံးရှုတ်ချသင့်ပြီး ပြစ်မှုကျူးလွန်သူများကိုလည်း တရားဥပဒေအရ အရေးယူသင့်ပါကြောင်း ၎င်းက တိုက်တွန်းသည်။
သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် စစ်တပ်က ကျူးလွန် လျက်ရှိသော အကြမ်းဖက်မှုများကို မျက်ခြေမပြတ် စောင့်ကြည့်ပေးရန်နှင့် အဆိုပါအကြမ်းဖက်မှု များအား အမြန်ဆုံးအရေးယူနိုင်မည့် နည်းလမ်းများကို ရှာဖွေရန် မေတ္တာရပ်ခံပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း ဤအရေးပါသည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးကိစ္စရပ်များတွင် CTED၊ Interpol၊ UNODC၊ UNOCT နှင့် အခြားသက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ရင်းရင်းနှီးနှီး ပူးပေါင်းဆောင်ရွက်သွားမည်ဟု ထပ်မံကတိပြုပါကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောဆိုသွားသည်။