ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၅
ချင်းပြည်နယ်၊ ဖလမ်းမြို့မှ တီးတိန်မြို့ဘက်သို့ ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို PDF Zoland နှင့် CDM Siyin တပ်ဖွဲ့များက ယနေ့ ဖေဖေါ်ဝါရီလ ၁၅ ရက် နံနက်တွင် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရသွားကြောင်း သတင်းရရှိသည်။
စစ်ကား ၂၃ စီးပါ အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဖလမ်း-တီးတိန်လမ်းပိုင်း Zawngkong ကျေးရွာအနီး မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်သား ၁၀ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားကြောင်း၊ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ကြောင်း PDF Zoland က သတင်းထုတ်ပြန်သည်။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအတွင်း၌လည်း တီးတိန်မြို့နယ်၊ သိုင်းငင်းကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် PDF Zoland၊ CDM Siyin၊ CNA အပါအဝင် ချင်းပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၂၀ ကျော် သေဆုံးခဲ့သည်။