ရန်ကုန်၊ ဒီဇင်ဘာ ၁၃
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်းအပြင် စစ်တပ်နှင့် ပတ်သက် ဆက်နွယ်နေသည့် Zeus Bar ကို သတိပေး ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း NGU:FF မြေခွေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ဒီဇင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၁၁ နာရီ ၅၆ မိနစ်တွင် အောင်မြေသာစံမြို့နယ်၊ ၅၅ လမ်း၊ ၃၀ (B) လမ်းထောင့်ရှိ Zeus Bar ကို မြို့ပြပြောက်ကျား တပ်ဖွဲ့များက သတိပေး ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ Zeus Bar သည် မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်းနှင့် Bar အတွင်း မူးယစ်ဆေး သုံးစွဲခွင့်ပြုခြင်း၊ မူးယစ်ဆေး အသုံးပြုခွင့်ရရန် စစ်တပ်အား ဆက်ကြေးပေးခြင်း၊ စစ်တပ်နှင့် ပတ်သက်ဆက်နွယ်နေသော သက်သေများကြောင့် သတိပေး ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
” လူထိခိုက်တာတော့ မရှိပါဘူး။ လူထိခိုက်မှု မရှိအောင်လည်း လူရှင်းတဲ့ မွန်းလွဲပိုင်းကို ရွေးပြီး သတိပေးတဲ့ အနေနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာပါ” ဟု NGU:FF မြေခွေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို NGU:FF မြေခွေးတပ်ဖွဲ့နှင့် မဟာမိတ်များဖြစ်သော Anonymous Force MDY၊ VOMDY-Front Warrior၊ Truth Kepping Force တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။