ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈
တနင်္သာရီတိုင်း မြိတ်ခရိုင် ပဝကျေးရွာတွင် ယနေ့ ဖေဖော်ဝါရီလ ၁၈ရက်နေ့၌ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များနှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က ကျေးရွာသား ၆ဝကျော်ကို ဖမ်းဆီးထားကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များနှင့် PDF တပ်ဖွဲ့များသည် ပဝကျေးရွာ၊ သက်ကယ်ဂျွန်၊ ဂုံမင်းတော နှင့် ပိန်းတော အနီးတစ်ဝိုက်တွင် တိုက်ပွဲများ ဖြစ်နေကာ စစ်တပ်က လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေခြင်းကြောင့် ရွာလုံးကျွတ် နီးပါး ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
“ပဝကျေးရွာမှာ PDF နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်နေတယ်။ ရွာသားတွေ အိုးအိမ်စွန့်ပြီး စစ်ရှောင်နေရတယ်။ စစ်တပ်က ရွာသား ၆ဝကျော်ကို ဖမ်းဆီးထားပါတယ်။ ထိခိုက်မှူ အခြေအနေတော့ မသိရသေးပါ။ တနင်္သာရီ မြစ်ဘေးက ပဝေရွာပေါ့။ မနေ့ကတော့ ရွာထဲမှာ စစ်သားတေတပ်စွဲထားတယ်။ PDF တပ်ဖွဲ့တွေ ရွာတစ်ဖက်ကမ်း ရောက်တော့ ရွာထဲမှာရှိတဲ့ မပြေးတဲ့ ရွာသားတွေကို စစ်တပ်က ဖမ်းထားတာ ပြေးတဲ့သူတွေတော့ လွတ်တယ်။ အခုတော့ PDF တွေဝင်လာတော့ စစ်တပ်က ရွာပြင်ရောက်သွားပြီ သူတို့ ဖမ်းထားတဲ့ ပြည်သူတွေလည်း ခေါ်သွားတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။
ထို့ပြင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ဂုန်မင်းတော တောင်ကြော၌ ပဝကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရကာ စစ်သား ၂ဦးသေဆုံးခဲ့ပြီး လက်ရှိချိန်တွင် စစ်ကောင်စီတပ်ဖွဲ့များ ပြန်လည် ထွက်ခွာမည့် လမ်းကြောင်းများကို ဒေသအခြေစိုက် PDF အဖွဲ့များက ပိတ်ဆို့ထားကြောင်း သိရသည်။