ငါန်းဇွန်တွင် ပျူစောထီးစခန်းနှင့် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု ၉ ဦးသေဆုံး၊ ရေးမြို့ပေါ်ရှိ ထွေအုပ်ရုံးကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်
ရန်ကုန်၊ ဇန်နဝါရီ ၆
မန္တလေး၊ ငါန်းဇွန်မြို့နယ်၊ စီကောင်းရွာ ပျူစောထီး စခန်းနှင့် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၉ ဦးသေဆုံးခဲ့ကြောင်း ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ)ထံမှ သိရသည်။
ဇန်နဝါရီလ ၄ ရက်နေ့၊ ည ၁၀ နာရီ ၃၀ မိနစ်တွင် ငါန်းဇွန်မြို့နယ်၊ စီကောင်းရွာ ပျူစောထီး စခန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် ငါန်းဇွန်-မန္တလေး ၁၄ မိုင် လမ်းပိုင်းတွင် ခရီးသွားပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီး စစ်ဆေးပြီး ထွက်လာသည့် စစ်ကားနှင့် ဆိုင်ကယ် ၂ စီးကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ပဒေသာမိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ဆိုင်ကယ် ၂ စီး မြှောက်တက်သွားကာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ)၊ မြင်းခြံခရိုင်ရင်း ၆ နှင့် စစ်ကိုင်းခရိုင် ရင်း ၂ တို့က ပူးပေါင်း ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး ကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ထံမှ သိရသည်။
ထို့ပြင် မွန်ပြည်နယ်၊ ရေးမြို့ပေါ်ရှိ အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနရုံးကို ရေးဘီလူးအဖွဲ့က ၄၀ မမ ဗုံးသီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၆ ရက်နေ့၊ နံနက် ၆ နာရီ ၁၅ မိနစ်ခန့်တွင် ရေးမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနရုံးရှိ ဝန်ထမ်းများနှင့် လုံခြုံရေးယူပေးထားသည့် စစ်ကောင်စီ တပ်သားများကို ရေးဘီလူးအဖွဲ့မှ ၄၀ မမ ဗုံးသီးများဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက် ကျဆုံးမှု အခြေအနေကို အတည်ပြုနိုင်သေးပဲ ရေးဘီလူးအဖွဲ့မှ အောင်မြင်စွာ ပြန်လည် ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရသည်။
