32 C
Yangon

အင်းစိန်ထောင်အတွင်းမှ ခရီးသည်တင်ဘတ်စ်ကား ၈ စီး ထွက်ခွာသွားပြီး အကျဉ်းသားများ ထောင်ပြောင်းဖွယ်ရှိ၊ ပုသိမ်ထောင်တွင် နိုင်ငံရေးအကျဉ်းသား ၆၄ ဦးကို စစ်တပ်က ထောင်ဆူမှုဖြင့် တရားထပ်စွဲ

Must read

အင်းစိန်ထောင်အတွင်းမှ ခရီးသည်တင်ဘတ်စ်ကား ၈ စီး ထွက်ခွာသွားပြီး အကျဉ်းသားများ ထောင်ပြောင်းဖွယ်ရှိ၊ ပုသိမ်ထောင်တွင် နိုင်ငံရေးအကျဉ်းသား ၆၄ ဦးကို စစ်တပ်က ထောင်ဆူမှုဖြင့် တရားထပ်စွဲ

ရန်ကုန်၊ ဇန်နဝါရီ ၁၄

ရန်ကုန်၊ အင်းစိန်အကျဉ်းထောင်အတွင်းမှ ယနေ့ နံနက်အစောပိုင်း ခရီးသည်တင်ဘတ်စ်ကားကြီး ၈ စီး ထွက်ခွာသွားပြီး အကျဉ်း သားများကို ထောင်ပြောင်းသည့်သဘောဟု ယူဆရကြောင်း အင်းစိန်ထောင်နှင့်နီးစပ်သော သတင်းရင်းမြစ်များထံမှ သိရှိရသည်။

“ဒီနေ့ မနက် ၅ နာရီ ၃၀ ဝန်းကျင်မှာ အင်းစိန်ထောင်အတွင်းမှ ခရီးသည်တင် Express ကားကြီး ၈ စီး ထွက်လာပါတယ်။ ကားပေါ်မှာ အကျဉ်းသားတွေပါတယ်။ ထောင်ပြောင်းတယ်လို့ ထင်ရပါတယ်။ ကား၈ စီးမှာ အမျိုးသားတွေချည်းပဲက ၇ စီး။ အမျိုးသမီးက ၁ စီး စုစုပေါင်း ၈ စီး ထွက်ခွာသွားပါတယ်” ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောဆိုသည်။

အလားတူ ဧရာဝတီတိုင်း၊ ပုသိမ် ထောင်တွင် ဇန်နဝါရီလ ၆ ရက်နေ့ ဖြစ်ပွားခဲ့သော ထောင်တွင်း စစ်တပ်နှင့်ရဲတပ်ဖွဲ့က နိုင်ငံရေးအကျဉ်းသားများကို အကြမ်း ဖက် ရိုက်နှက်သတ်ဖြတ်မှုဖြစ်စဉ်များအတွက် ဒဏ်ရာရရှိထားသော နိုင်ငံရေး အကျဥ်းသား ၆၄ ဦးကို စစ်ကောင်စီက တရားစွဲဆိုမှုများ ထပ်မံပြုလုပ်ကြောင်း သိရှိရသည်။

ပုသိမ်ထောင်အတွင်း ဇန်နဝါရီလ ၅ ရက်နေ့ ညပိုင်း ခေါ်ယူ စစ်ဆေးခံရသည့် နိုင်ငံရေး အကျဥ်းသားများနှင့် ဇန်နဝါရီလ ၆ ရက်နေ့ ပစ်ခတ်မှု ဖြစ်စဥ်အတွင်း ထိခိုက်ဒဏ်ရာရရှိသော နိုင်ငံရေး အကျဥ်းသား ၆၄ ဦးကို ဇန်နဝါရီလ ၁၈ ရက်၊ ၂၀ ရက်နှင့် ၂၅ ရက်နေ့တို့တွင် ပြန်လည် ရုံးထုတ်စစ်ဆေးသွားမည်ဖြစ်ပြီး ထောင်တွင်းအမှု ထပ်တိုး တရားစွဲဆိုထားကြောင်း သိရသည်။

“အခုထောင်တွင်း အခြေအနေက ထောင်ဝင်စာပို့လို့လည်း မရဘူး။ အထဲမှာ အစားအသောက် ခက်ခဲနေကြတယ်။ လူတွေလည်း ခွဲလိုက်တယ်။ အဆောင်တွေ ပြောင်းလိုက်တယ်။ စစ်ခွေးတွေ ဝင်ပစ်တဲ့နေ့က ထိခိုက်ဒဏ်ရာရရှိထားတဲ့ နိုင်ငံရေး အကျဥ်းသား ၆၄ ဦး အခြေနေက စိုးရိမ်ရပါတယ်” ဟု ပုသိမ်အကျဥ်းထောင် သတင်းရင်းမြစ်များက ပြောဆိုသည်။

နိုင်ငံရေး အကျဥ်းသား ၆၄ ဦးကို ခြေထိပ်၊လက်ထိပ်များ ခတ်ထားကြောင်း၊ အမိန့်မချရ‌သေးသော နိုင်ငံရေးအကျဉ်းသားများ၏ အမှုများကိုလည်း ယခု ဇန်နဝါရီ လကုန်ပိုင်းတွင် အပြီးသတ် အမိန့်ချမည်ဖြစ်ကြောင်း ပုသိမ်အကျဥ်းထောင် သတင်းရင်းမြစ်များက ဆက်လက်ပြောဆိုသည်။

ထို့ပြင် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီး စိုးထွဋ် ပုသိမ်ထောင်သို့ လာရောက် စစ်ဆေးခဲ့ပြီး အကျဉ်းသားများကို ရိုက်နှက်သတ်ဖြတ်ခဲ့သော အကျဉ်ထောင်ဝန်ထမ်းများကို တစ်ဦးလျှင် ငွေကျပ် ၅၀၀၀၀ ကျပ်တိတိပေးပြီး အဓိကရုဏ်းဖြစ်အောင် လုပ်ဆောင်သော ထောင်မှူးအသစ်ကို ချီးမွမ်းသွားကြောင်း၊ ထိုထောင်မှူးအသစ်သည် စစ်တပ်မှလာသော ရခိုင်ပြည်သားဖြစ်ပြီး ပုသိမ်သို့ မပြောင်းလာခင် တွံတေး၌ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီလ ၅ ရက်နေ့နှင့် ၆ ရက်နေ့တို့တွင် ပုသိမ်အကျဉ်းထောင်အတွင်း စစ်တပ်နှင့်ရဲတပ်ဖွဲ့၊ အကျဉ်းဦးစီးဌာနဝန်ထမ်းများက နိုင်ငံရေးအကျဉ်းသား ၂ ဦးကို ပစ်ခတ်သတ်ဖြတ်ခြင်း၊ ရိုက်နှက်သတ်ဖြတ်ခြင်းများ လုပ်ဆောင်ခဲ့ကြပြီး နိုင်ငံရေးအကျဉ်းသား အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အင်းစိန်အကျဉ်းထောင်မြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article