ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁
ရှမ်း-ကယားနယ်စပ်၊ မိုးဗြဲနှင့် ဒီးမော့ဆိုမြို့နယ် အစပ် ဝီသဲကူး (မြောက်ရွာ) တွင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၃၀ ဝန်းကျင်ခန့်သေဆုံးခဲ့ပြီး အများအပြား ဒဏ် ရာရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-ဒီမော့ဆိုးမှ ပြန်ကြားရေးတာဝန်ခံ က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
“မနေ့က တိုက်ပွဲက တစ်နေကုန်ပဲ ပြောရမှာပေါ့နော်။ ပစ်လိုက် နားလိုက်ပါပဲ။ ညနေမိုးချုပ်အထိတော့ အိပ်ချိန်လောက်မှပဲ နားတယ်။ ဒါပေမဲ့ ည သန်းခေါင် ၁၂ နာရီထိုးမှာ လေယာဉ်နဲ့ ဗုံးထပ်လာကျဲတယ်။ လက်နက်ကြီးနဲ့ ထပ်ထုတယ်။ မနေ့ စစ်ကောင်စီဘက် အထိအခိုက် တအားများတယ်။ ဒီဘက် ပြည်သူ့ဘက်တော်သားဘက်က ဒဏ်ရာ ၁ ယောက်ပဲ ရတယ်။ အနည်းအကျဉ်း နည်းနည်းလေးပါပဲ ။ အဲ တစ်ယောက်ကျတော့ ဆေးရုံလည်း တက်ကုစရာမလိုဘူး။ ဒဏ်ရာနည်းနည်းလောက်ပဲ ရတယ်။ စစ်ကောင်စီဘက်က အများကြီး ကျဆုံးတယ်။ မနေ့က တိုက်ပွဲ အကျဉ်းပေါ့။ ည လေယာဉ်နဲ့ လာကျဲတဲ့ဟာက ထိခိုက်ဒဏ်ရာ တစ်ယောက်ရတယ်လို့ ပြောတယ်။ ဒါပေမဲ့ ဘယ်အဖွဲ့လဲဆိုတာ ကျွန်တော်တို့ အတည်ပြုလို့ မရဘူး။” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒီမော့ဆို ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယနေ့တွင်လည်း တိုက်ပွဲပြင်းထန်ပြီး လက်နက်ကြီးပစ်ခတ်သံများ ဆက်တိုက်ကြားရကြောင်း၊ စစ်ဘေးရှောင် ပြည်သူအများ အပြား ကယ်ထုတ်နေရကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
“ဒီနေ့ တိုက်ပွဲကတော့ တိုက်ပွဲ ဖြစ်နေပြီ လက်နက်သံလည်း ကြားနေတယ်။ ထိခိုက်ဒဏ်ရာတော့ ကျဆုံးတာတို့ ကျွန်တော်တို့ အတည်ပြုလို့ မရသေးဘူး။ ဒီနေ့ကတော့ ကျွန်တော်တို့ ဆက်သွယ်လို့ မရသေးဘူး ဖြစ်နေတာတော့ ဖြစ်နေပြီ။ ရှေ့တန်းက ရဲဘော်တွေနဲ့ ဆက်သွယ်လို့ မရသေးလို့ ဘယ်နှနာရီက စဖြစ်လဲ မသိဘူး။ လက်နက်ကြီးလည်း ကျွန်တော်တို့ နေတဲ့ ၁၀၂ တပ်ရင်းတွေဘက်ကို လှမ်းထုတယ်။ စစ်ဘေးရှောင်တော့ အများကြီး ထွက်လာတယ်။ ကျွန်တော်တို့ ကယ်ထုတ်တာ အခု လေးစီးလောက်ရှိသွားပြီ။ စစ်ဘေးရှောင်တွေတော့ ပြည်သူတွေလည်း အထိတ်တလန့် ဖြစ်ကုန်တယ်။ အဝေးကြီး ပြေးရတော့မှာပေါ့ အဲဒီလိုမျိုးပေါ့” ဟု ၎င်းက ပြောဆိုသည်။
အထိနာနေသော စစ်ကောင်စီတပ်များသည် ဝါရီဆူးပလိုင် ကျေးရွာ နှင့် ဝီတဲကူး ကျေးရွာတို့ရှိ အချို့သော ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း သိရှိရသည်။