ကန့်ဘလူ၊ ကိုးတောင်ဘို့စျေးကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် စျေးတစ်ခုလုံးပြာကျ
ရန်ကုန်၊ ဖေဖော်ဝါရီ ၉
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုတောင်ဘို့စျေးကို အကြမ်းဖက် စစ်တပ် လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် စျေးတစ်ခုလုံးပြာကျခဲ့ကြောင်း Kotaungbo Revolution KTB-R အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၈ ရက်နေ့ ည ၁၀ နာရီခန့်တွင် ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ တိုက်နယ်အတွင်းရှိ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် ကိုးတောင်ဘို့ရွာတွင် အထိုင်ချတပ်စွဲထားသော အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က ကိုးတောင်ဘို့စျေးကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး လေယာဥ်အချက်ပြ မီးကျည်များဖြင့်ပါ ပစ်ခတ်သောကြောင့် စျေးတစ်ခုလုံးပြာကျခဲ့ပြီး ပြည်သူပိုင်နေအိမ် တချို့လည်း ထိမှန်မီးလောင်ခဲ့ကြောင်း သိရသည်။
“မနေ့ညက တိုက်ပွဲဖြစ်ပြီး ကိုးတောင်ဘို့စျေး တစ်ခုလုံး မီးလောင် ပြာကျသွားတယ်။ တိုက်ပွဲအတွင်းမှာ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးတွေ အလင်းရောင်ရစေတဲ့ လေယာဥ်အချက်ပြ မီးကျည်တွေ ဆက်တိုက် ပစ်ခတ်လို့ စျေးထဲကို ကျပြီး စျေးတစ်ခုလုံးပြာကျသွားတယ်။ အကြမ်းဖက် စစ်တပ်ပစ်တဲ့ လက်နက်ကြီး တချို့လည်း ပြည်သူပိုင် နေအိမ်တွေထဲထိကျတယ်။ ပြည်သူတွေထိခိုက်မှုတော့ မရှိဘူး” ဟု Kotaungbo Revolution KTB-R အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။


