စစ်ကောင်စီက ချင်း၊ ကရင်နီ၊ ကချင်နှင့် ကရင်ပြည်နယ်တို့တွင် လေကြောင်း အထူးစစ်ဆင်ရေးတစ်ရပ်ဖြင့် တိုက်ခိုက် ဗုံးကျဲမှု ပိုမိုတိုးမြှင့်ရန်ရှိဟုဆို
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁
အကြမ်းဖက်စစ်ကောင်စီက ချင်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် လေကြောင်း အထူးစစ် ဆင်ရေးတစ်ရပ်ဖြင့် တိုက်ခိုက်ဗုံးကျဲမှုများ လာမည့်ရက်ပိုင်းအတွင်း တိုးမြှင့် လုပ်ဆောင်သွားရန်ရှိကြောင်း စစ်ဘက်သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မင်းအောင်လှိုင်က PDF နှင့် ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ကြီးထွား ဖြစ်ထွန်းလာမှု၏ ရေသောက်မြစ်သည် တိုင်း ရင်းသား လက်နက်ကိုင် တော်လှန်ရေး EROsတပ်ဖွဲ့များကြောင့်ဖြစ်ပြီး အဆိုပါ တိုင်းရင်းသားလက်နက်ကိုင်များကို အမြစ်ဖြတ် အင်အားချိနဲ့စေရေး လုပ်ဆောင်နိုင်မှသာလျှင် PDF တပ်များနှင့် ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ရှင်သန်နေမှုကို ဖြတ်တောက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် လေကြောင်း တိုက်ခိုက်မှုနှင့် အထူးစစ်ဆင်ရေးတစ်ရပ် ဆောင်ရွက်ရန် ညွှန်ကြားခြင်းဖြစ်ကြောင်း သိရှိရသည်။
စစ်ကောင်စီက CNA-CDF တပ်များ အခြေစိုက်ရာ ချင်းပြည်နယ်ရှိ ဌာနချုပ်နှင့် တပ်နေရာများကိုလည်းကောင်း၊ KIA တပ်များ အခြေစိုက်ရာ ကချင်ပြည်နယ်ရှိ ဌာနချုပ်နှင့်တပ်နေရာများ ကိုလည်းကောင်း၊ KNU တပ်များ တည်ရှိရာ ကရင်ပြည်နယ်ရှိ ဌာနချုပ်နှင့် တပ်နေရာများကိုလည်းကောင်း KNDF အပါအဝင် ကရင်နီတပ်မတော်တို့ တည်ရှိရာ ကရင်နီပြည်နယ်ရှိ တပ်နေရာများကိုလည်းကောင်း အထူးစစ်ဆင်ရေးအနေဖြင့် ဗုံးကျဲတိုက်ခိုက်သွားရန်ရှိနေကြောင်း သိရှိရသည်။
စစ်ဆင်ရေးအတွက် တိုက်လေယာဉ်များ အသုံးပြုမှုအနေဖြင့် Yak-130 ၊ Su-30၊ FTC 2000 G ၊ A-5 လေယာဉ်များကို အသုံးပြုမည်ဖြစ်ပြီး စစ်ဆင်ရေးအတွက် လေဆိပ်များအဖြစ် နေပြည်တော်အေလာလေတပ်၊ ရန်ကုန်မှော်ဘီလေတပ်၊ ပုသိမ်လေတပ်၊ မကွေးလေတပ်၊ တံတားဦးလေတပ်၊ မြစ်ကြီးနားလေတပ်၊ မိတ္တီလာလေတပ်တို့ကို အဓိကထားအသုံးပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။
စစ်ကောင်စီက သက်တမ်းတိုးမြှင့်ထားသည့် ၆ လတာကာလနှင့် ပွင့်လင်းရာသီတွင် တိုင်းရင်းသားဒေသများကို လေကြောင်းတိုက် ခိုက်မှုများကို ပိုမိုတိုးမြှင့်လုပ်ဆောင်သွားမည် ဖြစ်သည့်အပြင် မြေပြင်တွင်လည်း စစ်အုပ်ချုပ်ရေး ကြေညာထားသော မြို့နယ် ၃၇ မြို့နယ်ရှိ PDF နှင့် ဒေသကာကွယ်ရေးတပ်များကို အပြတ် ချေမှုန်းရန် ရည်ရွယ်ထားကြောင်း သိရှိရသည်။
“Yak-130 တွေက ဗျူဟာဘယ်လောက်ထိပြောင်းလဲဆိုရင် ပုသိမ်လေတပ်ကပါ ပျံသန်းဗုံးကျဲနေတယ်။ လေကြောင်း အထူးစစ်ဆင်ရေး ပြင်းပြင်းထန်ထန်လုပ်မယ်လို့ပြောနေတယ်။ Yak-130 တွေအပြင် SU တွေပါ သုံးဖို့ရှိတယ်” ဟု လေတပ်သတင်းရင်းမြစ်တစ်ခုကပြောသည်။
စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်တစ်ခုကလည်း လေကြောင်းအထူးစစ်ဆင်ရေး ပြုလုပ်ရန် ရှိနေသော်လည်း လက်ရှိတွင် လေ ယာဉ်ဆီ မလုံလောက်ခြင်း၊ လက်နက်ခဲယမ်းနှင့်ဒုံးများ အလျှဉ်မမီအောင် မရှိခြင်း ပြဿနာများရှိနေကြောင်း၊ စစ်တပ်က လက် နက်ခဲယမ်း အသစ်များ စမ်းသပ် အသုံးပြုမှုများ ရှိနေသဖြင့် ပြည်သူများ သတိထားသင့်ကြောင်း အကြံပြု ပြောဆိုသည်။