ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂဠုန်စစ်ကြောင်း မွမ်းမံသင်တန်းဆင်းပွဲ ပြုလုပ်
ရန်ကုန်၊ မတ် ၅
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ် ၃ နယ်မြေအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ ဂဠုန်စစ်ကြောင်း မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့က ပြုလုပ်ကြောင်း သိရှိရသည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် ဂဠုန်စစ်ကြောင်း မွမ်းမံသင်တန်းဆင်းရဲဘော်များမှ စစ်ကြောင်းပုံစံဖြင့် ချီတက်နေရာယူကာ ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံတော် အား အလေးပြုခြင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ သစ္စာအဓိဌာန် ၄ ချက်အား ရွတ်ဆိုခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တပ်မဟာ ၆ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီဝင်ရဲဘော် ဒေဝမှ အဖွင့်အမှာစကားပြောကြားခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် ဦးမန်းဝင်းခိုင်သန်းပေးပို့သော သဝဏ်လွှာနှင့် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပေးပို့သော သဝဏ်လွှာကို ဖတ်ကြားခြင်း၊ ERO နယ်မြေအတွင်းရှိ နယ်မြေခံ တာဝန်ရှိသူများနှင့် ဂဠုန်စစ်ကြောင်းမှ တာဝန်ရှိသူများမှ ရဲဘော်များအား အမှာစကားပြောကြားခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်ပေးပို့သည့် ဂုဏ်ပြုဆုငွေ ၁၀ သိန်းကျပ်ကို ပေးအပ်ခြင်းနှင့် မွမ်းမံသင်တန်းတွင် ဆုရရှိသည့် ရဲဘော်များကို ဆုချီးမြှင့်ခြင်း၊ ဂဠုန်စစ်ကြောင်း ဒုစစ်ကြောင်းမှူးမှ နိဂုံးချုပ်အမှာစကားပြောကြားခြင်းတို့ ပြုလုပ်ခဲ့ကြသည်။
ထို့နောက် မွမ်းမံသင်တန်းဆင်းရဲဘော်များက တာဝန်ရှိသူများကို စစ်ကြောင်းပုံစံဖြင့် အလေးပြုကာ ပြန်လည်ထွက်ခွာသွားခဲ့ပြီး အခမ်းအနားအစီအစဉ်အား အောင်မြင်စွာဖြင့် ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများအပါအဝင် တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ် ၃ မှ စစ်ရေးတာဝန်ခံနှင့် စစ်ထောက်တာဝန်ခံတို့လည်း တက်ရောက်ခဲ့ကြသည်။
တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ် ၃၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ကြောင်းများသည် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များနှင့် ချိတ်ဆက်ကာ စစ်ရေးဖော်ဆောင်မှုများတွင် ရဲဘော်များသည် Chain of Command ပိုမိုအားကောင်းလာသလို အရပ်သားပြည်သူများနှင့် စစ်ရေးလှုပ်ရှားမှုများတွင် Code of Conduct များကို လိုက်နာကာ အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးတို့အတွက် တရားသောစစ်ကို ဆင်နွှဲလျက်ရှိကြောင်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှလည်း ရဲဘော်များ၏ တိုက်ခိုက်ရေးစွမ်းရည်ပိုမိုကောင်းမွန်လာစေရန် မွမ်းမံသင်တန်းများသင်ကြားပေးခြင်းနှင့် လက်နက်၊ ခဲယမ်းများကို တိုးမြှင့်ကာ ဖြည့်တင်းဆောင်ရွက်လျက်ရှိသည်။
Photo – ရဲဘော်ဗိုလ်ချုပ်