ကရင်နီနှင့် ဖယ်ခုံဘက်သို့ ရှေ့တန်းထွက်ခိုင်းချိန် အသေမခံနိုင်ဟုဆိုကာ ခလရ ၂၄၇ မှ ဗိုလ်မှူးနှင့် စစ်သား ၂ ဦး ထွက်ပြေး
ရန်ကုန်၊ မတ် ၁၈
ကရင်နီပြည်နယ်နှင့် ရှမ်းပြည်နယ်၊ ဖယ်ခုံဘက်သို့ နမ့်စန် ခလရ ၂၄၇ တပ်မှ စစ်သည်များကို ရှေ့တန်းထွက်ခိုင်းချိန်တွင် ယင်းတပ်မှ ဗိုလ်မှူး တစ်ဦးနှင့် စစ်သည် ၂ ဦး ထွက်ပြေးသွားကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။
မတ်လ ၁၄ ရက်နေ့ ရှမ်းပြည်နယ်၊ နမ့်စန်မြို့နယ် အခြေစိုက် ခြေလျင်တပ်ရင်း ခလရ ၂၄၇ တပ်မှ စစ်သည်များကို ဖယ်ခုံနှင့် ကရင်နီပြည်နယ်ဘက်သို့ စစ် ဆင်ရေး ရှေ့တန်းထွက်ရန် တာဝန်ပေးစဉ် ဗိုလ်မှူး တစ်ဦးနှင့် စစ်သား ၂ ဦး ထွက်ပြေးသွားခြင်းဖြစ်ပြီး လက်ရှိတွင် လိုက်လံ ရှာဖွေ ဖမ်းဆီး လျက်ရှိကြောင်း၊ လက်ရှိအချိန်အထိ ဖမ်းမိသည်ဆိုသော သတင်းမသိရှိရသေးဟု သိရှိရသည်။
“ဖယ်ခုံကို ရှေ့တန်းသွားရမှာ ကြောက်ပြီး သွားရင်သေမယ်ဆိုတာသိလို့ အသေ တော့မခံနိုင်ဘူး၊ ရာထူးက ဘာမှသုံးစားမရဘူးလို့ ပြောပြီး ပြေးသွားတယ်လို့ ပြန်သိရတယ်” ဟု ဒေသသတင်းရင်းမြစ်က ဆိုသည်။
အကြမ်းဖက်စစ်ကောင်စီတပ်အတွင်း လက်ရှိတွင် တပ်ပြေးများ အလွန်များ ပြားနေကြောင်း၊ အထူးသဖြင့် ကရင်နီ၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ မကွေး တိုင်းနှင့် ကချင်ပြည်နယ်တိုက်ပွဲများ တွင် စစ်တပ်ဘက်မှ သေဆုံးမှု အလွန် များပြား နေကာ ယမန်နေ့ တစ်ရက်တည်း စစ်တပ်ဘက်မှ ၁၅၆ ဦး သေဆုံးခဲ့ ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ကရင်နီပြည်နယ်ရှိ တိုက်ပွဲတစ်ခုအတွင်း ယခုရက်ပိုင်းအတွင်း သေဆုံးနေသည့် အကြမ်းဖက် စစ်သား တစ်ဦး။
