သပိတ်ကျင်းမြို့နယ်၊ စပယ်နဂိုရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် နေအိမ် ၁ လုံး ထိမှန်ပျက်စီး
ရန်ကုန်၊ မတ် ၁၉
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ စပယ်နဂိုရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ပြည်သူပိုင် နေအိမ် ၁ လုံးထိမှန်ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မတ်လ ၁၈ ရက်နေ့ ည ၉ နာရီ ၅၈ မိနစ်ခန့်က သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာ အခြေစိုက် အမှတ် ၁၃ စစ်တပ်တန်းမြှင့်လေ့ကျင့်ရေး ကျောင်းမှ စစ်သားများက စစ်ကား ၅ စီးဖြင့် စပယ်နဂိုရွာကို ရောက်ရှိလာပြီး ကျေးရွာအတွင်း ၈၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူပိုင် နေအိမ် ၁ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
” မတ်လ ၁၈ ရက်နေ့ ညပိုင်းက သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာ တပ်စွဲထားတဲ့ တတက ၁၃ က စစ်ခွေးကား ၅ စီးစပယ်နဂိုရွာကို ရောက်လာပြီး ၈၀ မမ လက်နက်ကြီးနဲ့ ၇ ချက်လောက် ရမ်းသမ်း ပစ်ခတ်ခဲ့လို့ ပြည်သူပိုင် နေအိမ် ၁ လုံး ထိမှန် ပျက်စီးခဲ့တယ်။ ပြည်သူတွေကတော့ စစ်ခွေးသတင်းကြိုတင် ရတာကြောင့်တိမ်းရှောင်နိုင်ခဲ့တယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။



