မြောင်မြို့နယ် ပန်းညိုရွာကို စစ်ကောင်စီတပ်က မီးတင်ရှို့နေပြီး ပြည်သူရာပေါင်းများစွာ ထွက်ပြေးနေရ
ရန်ကုန်၊ မတ် ၂၁
စစ်ကိုင်းတိုင်း မြောင်မြို့နယ် ပန်းညိုရွာကို ယနေ့ မတ် ၂၁ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်၏ ဘီလူးစစ်ကြောင်းသည် နံနက်ခင်းအစောပိုင်းတွင် ဝင်ရောက်၍ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။
အကြမ်းဖက်စစ်တပ်သည် ပန်းညိုရွာကို နံနက် ၈ နာရီဝန်းကျင်ခန့်တွင် ရွာတောင်ဘက်၊ ရွာလယ်ခွဲ၍ မီးတင်ရှို့ခဲ့ခြင်း ဖြစ်ပြီး မီးလောင်ဆုံးရှုံးမှု အရေအတွက်ကိုမူ မသိရှိရသေးပေ။
“ခွေးတွေက ပန်းညိုက မီးရှို့ပြီး ညောင်ကားယားကို ဝင်နေတယ်” ဟု Myaung Union Army_ပြည်သူ့တပ်မတော်-မြောင်မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။
အကြမ်းဖက်စစ်တပ်၏ ဘီလူးစစ်ကြောင်းသည် နံနက် ၉ နာရီခွဲ အချိန်ခန့်မှ စ၍ ပန်းညိုရွာမှ ညောင်ကားယားကျေးရွာသို့ ဝင်ရောက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
လက်ရှိတွင် ပန်းညိုကျေးရွာဘေးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ပြည်သူ ရာပေါင်းများစွာ ရွှေ့ပြောင်းထွက်ပြေးနေရသည်ဟု သိရှိရသည်။
