ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇
စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ထနောင်းတောမြောက်ရွာရှိ CDM ဆရာမ တစ်ဦး နေအိမ်ကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဖေဖော်ဝါရီလ ၂၆ရက်နေ့ ဝင်ရောက်ဖျက်ဆီးခဲ့ပြီးနောက် အပြန် မုံရွာ-အမြင့်လမ်းသို့ ဆင်းလာစဉ် ဒေသခံကာကွယ်ရေး ညီနောင်မဟာမိတ်(၅)ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက် သေဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ထို့ပြင် CDM ကျောင်းဆရာမနေအိမ်အား စစ်တပ်ထံ သတင်းပေး တိုင်ကြား ခဲ့သည့် ပျူစောထီး အဖွဲ့ဝင် ဇော်မိုးလွင်ကိုလည်း ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၆နာရီခန့်တွင် ဗိုလ်စနေအဖွဲ့က ၎င်းနေအိမ်၌ပင်ရှိနေစဉ် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် CDM ကျောင်းဆရာမ နေအိမ်ရှိ ရေခဲသေတ္တာ၊ TV နှင့် အိမ်တွင်း ပစ္စည်းများ အားလုံးကို ဝင်ရောက်ဖျက်ဆီးခဲ့ခြင်းဖြစ်ကာ ခြိမ်းခြောက်စာများပါ ရေးသားခဲ့ပြီး ညောင်ပင်ဇောက် ကျောက်ပေါက် အနီးအနားရှိ တဲအိမ်နှစ်လုံးကိုလည်း မီးရှို့ဖျက်ဆီးပြီး ကျောက်ပေါက်အနီး ဘုံဆိုင်မှ ဆိုင်ရှင်ကိုလည်း ဖမ်းဆီးသွားကြောင်း သိရသည်။
ထိုသို့ ဖျက်ဆီးမှုများ ပြုလုပ်ပြီး စစ်ကောင်စီ တပ်ဖွဲ့များ မုံရွာ-အမြင့်လမ်းသို့ ဆင်းလာစဉ် ညောင်ပင်ဇောက်ကျောက်ပေါက်၌ ဒေသခံ ညီနောင် မဟာမိတ်(၅)ဖွဲ့ဖြစ်သည့် ဗန္ဓုလနှင့် အဖွဲ့သားများ၊ Monywa Lighting PDF၊ Monywa PEREGRINE PDF၊Monywa Black Eagle PDF နှင့် Chaung U Local Defence Force မှမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။