သင်္ကြန်အကြိုနေ့ နံနက်ပိုင်း သာကေတရုပ်ရှင်ရုံအနီး ယာဉ်ထိန်းရဲ ကင်းတဲတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား၊ ထိခိုက်သူမရှိ
ရန်ကုန်၊ ဧပြီ ၁၃
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် ယနေ့ သင်္ကြန်အကြိုနေ့ နံနက်ပိုင်း ယာဉ်ထိန်းရဲ ကင်းတဲတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ထိခိုက်သူမရှိကြောင်း ဒေသပြည်သူများက ပြောသည်။
ဧပြီလ ၁၃ ရက်နေ့ နံနက် ၉ နာရီ ၅၀ မိနစ်အချိန် သာကေတမြို့နယ်၊ ရုပ်ရှင်ရုံအနီး ယာဉ်ထိန်းရဲကင်းတဲတွင် ဗုံးပေါက်ကွဲခဲ့ကြောင်း၊ ဗုံးပေါက်ကွဲမှု ကြောင့် တစ်စုံတစ်ရာ ထိခိုက်မှုမရှိသော်လည်း ဗုံးပေါက်ကွဲသံကို ပြည်သူအများစု ကြားသိရကြောင်း ၊ ဗုံးပေါက်ကွဲပြီးနောက် စစ်တပ်နှင့်ရဲများက လှည့်လည်သွားလာနေသည်ကို မြင်ရကြောင်း ဒေသပြည်သူများဆိုကြသည်။
“လူထိခိုက်တယ်လို့တော့ မကြားဘူး။ ဗုံးတော့ပေါက်သွားတယ်။ အသံလည်းကျယ်တယ်။ အဲဒီနောက်တော့ ခွေးတွေ ဆိုင်ကယ်နဲ့ ကားနဲ့ လှည့်တာတွေ့တယ်” ဟု သာကေတမြို့ခံတစ်ဦးက ဆိုသည်။
ရန်ကုန်ကင်းထောက်အဖွဲ့ Eagles News ကလည်း သာကေတမြို့နယ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း အတည်ပြု သတင်းတစ်ရပ်ကို ထုတ်ပြန်ထားသည်။
ဓာတ်ပုံ-သာကေတမြို့နယ်ရုပ်ရှင်ရုံအနီး ယာဉ်ထိန်းရဲကင်းတဲ။