34 C
Yangon

ရန်ကုန်အပါအဝင် မြို့တွေမှာ စစ်တပ်၊ရဲနဲ့ ထွေအုပ်တွေ စီးပွားရေးလုပ်ငန်းတွေဆီက ဆက်ကြေးကောက်၊ လောင်းကစားနဲ့ပြည့်တန်ဆာလုပ်ငန်းတွေကို လိုင်းကြေး ယူခွင့်ပြုမှုတွေကြောင့် နေ့ချင်း ညချင်း ချမ်းသာလာကြ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၅ 

ရန်ကုန်အပါအဝင် မြို့ကြီးတွေမှာ စစ်တပ်၊ ရဲနဲ့ ထွေအုပ်တွေက စီးပွားရေးလုပ် ငန်းတွေဆီက ငွေ ကြေး အဓမ္မတောင်းခံခြင်း၊ ဆက်ကြေးတောင်းခံခြင်း၊ လောင်း ကစားနဲ့ပြည့်တန်ဆာလုပ်ငန်းတွေကို လိုင်းကြေးယူခွင့်ပြုမှုတွေ လုပ် ဆောင်နေပြီး နေ့ချင်းညချင်း ချမ်းသာလာတဲ့ရဲတွေ၊ စစ်ဗိုလ်တွေရှိနေတယ်လို့ ဒေသခံတွေကဆီ သိရပါတယ်။ 

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ပွဲရုံတွေဆီမှာ ဇန်နဝါရီလ ၆ ရက်နေ့ လုံခြုံရေးယူနေတဲ့ စစ်သားတချို့က ပွဲရုံတွေဆီက ငွေကြေးနဲ့ ရိက္ခာတွေ အဓမ္မလိုက်လံ ခြိမ်းခြောက်တောင်းခံခဲ့တယ် လို့သိရပါတယ်။ 

” ဒီနားမှာ လုံခြုံရေးယူတဲ့ စစ်သားတွေလို့ပြောတယ်။ ပွဲရုံတွေဆီက ဆန်အိတ်တောင်းတယ်။ ဆန်ပွဲရုံဆိုရင် ဆန်အိတ်တောင်းတယ်။ အခြားပွဲရုံတွေဆိုရင် ရိက္ခာတောင်းတယ်။ နောက်ပြီး ငွေတောင်းတယ်။ ဆန်ဆိုင်တွေဆီက ဆန်တစ်အိတ်စီလိုက်တောင်းတယ်။ ကုန်စုံဆိုင်တွေဆီကလည်းသူတို့လိုချင်တဲ့ ရိက္ခာ ကိုတောင်းတယ်။ သူတို့က ဒီမှာ လုံခြုံရေးယူနေတာ သူတို့ကို ထောက်ပံ့ပါဆိုပြီး တောင်းတာ။ မပေးလို့လည်းမရဘူး။ လက်နက်တွေနဲ့။ ဆက်ကြေးကောက်တဲ့သဘောပါပဲ။  ဇန်နဝါရီ ၆ ရက်နေ့ မနက် ပိုင်းမှာ ဘုရင့်နောင်ပွဲရုံတစ်ခုလုံးကို အဲဒီလိုလုပ်သွားတာ။ မပေးလို့မှ မရတဲ့သဘောကြီး လိုက်တောင်းတာ” လို့ ဘုရင့်နောင်ပွဲရုံပိုင်ရှင်တစ်ဦးက ပြောပါတယ်။ 

ဒါ့အပြင်မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် သန့်ဇင်ဦးက လောင်း ကစားနဲ့ ပြည့်တန်ဆာလုပ်ငန်းတွေကို လိုင်းကြေးယူပြီး အကြီးအကျယ် ခွင့်ပြုပေးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

အရင်ကတည်းက ဘုရင့်နောင်ပွဲရုံဘက်တွေမှာ တည်းခိုခန်းတွေနဲ့ ပြည့် တန်ဆာလုပ်ငန်းတွေ ချိတ်ဆက်လုပ်ကိုင်မှုတွေရှိခဲ့ရာကနေ အခု စစ်အာ ဏာသိမ်းပြီးတဲ့နောက် အကြီးအကျယ် ပေါ်ပေါ် တင်တင် လုပ်ကိုင်လာကြတယ်လို့ ဆိုပါတယ်။ 

နှစ်လုံးထီ၊ သုံးလုံးထီလုပ်ငန်းတွေလည်း မရမ်းကုန်းမြို့နယ်အပါအဝင် ရန် ကုန်တိုင်း မြို့နယ်တွေမှာ လိုင်းကြေး အနည်းငယ်နဲ့ ရဲစခန်းတွေက လုပ်ခွင့်ပြုပေးနေတယ်လို့ သိရပါတယ်။ 

“နိုင်ငံရေး မလုပ်ရင်၊ စစ်တပ်ကို မဆန့်ကျင်ရင် ကြိုက်တာလုပ်ဆိုတဲ့သဘောပဲ။ ချဲ၊ ထီကတော့ ပေါ်ပေါ်တင်ထိုးလို့ရပြီ။  ဘုရင့်နောင်ရဲစခန်း နယ်ထိန်း ခေါင်း ဆောင် ဒုရဲအုပ်သန့်ဇင်ဦးဆိုရင် သိန်း ၁၀၀ ကျော်လောက်ပဲတန်တဲ့ Honda Fit ကားစီးနေရာကနေ အခုတော့ သိန်း ၅၀၀ လောက်တန်တဲ့ ကားနံပါတ် 1S စတဲ့မော်ဒယ်မြင့်ကားစီးနေပြီ ။ အရင်စစ်အစိုးရခေတ် ၁၉၉၉ ခုနှစ်ကာလ ပြန်ရောက်သွားသလိုပဲ” လို့ မရမ်းကုန်းမြို့နယ်မှ လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။ 

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်အတွင်းမှာရှိတဲ့ သီရိမင်္ဂလာစျေး အပါအဝင် စျေးတွေဆီက ကုန်စိမ်းနဲ့ ငွေကြေးတွေ စစ်တပ်က လုယက် အဓမ္မဆက်ကြေးတောင်းခံမှုတွေ ရှိလာတယ်လို့ စျေးသည်တွေက ဆိုကြပါတယ်။ 

“ကြည့်ရတာ သူတို့ တပ်တွင်းစားနပ်ရိက္ခာ လုံလုံလောက်လောက်မပေးဘူးလားမသိဘူး။ စစ်တပ်က စည်ပင်နဲ့ပေါင်းပြီးကုန်စိမ်းရောင်းတဲ့ပျံကျဈေးသယ်တွေရဲ့ပစ္စည်းတွေကို အနိုင်ကျင့်သိမ်းယူတယ်။ ကိုယ်တွေ့အဖြစ်အပျက်တွေအရ လှိုင်မြို့နယ်မှာရှိတဲ့  ဈေးသုံးဈေးမှာ သုံးရက်အတွင်း သိန်းဆယ်ချီတန်ဖိုးရှိတဲ့ကုန် စိမ်းတွေပါသွားခဲ့သလို စျေးသည်တွေလည်းရိုက်နှက်ခံခဲ့ရပါတယ်။ နှစ်ပေါင်းများစွာ ဈေးရုံပြင်ပ ဈေးကောက်ပေးပြီးရောင်းနေတဲ့ဆိုင်တွေထိခိုက်ခဲ့သလို၊ ရောင်းနေတဲ့ကုန်စိမ်းတွေကို လုယက် ကားပေါ်အကုန်တင်သွားတဲ့အဖြစ်နဲ့လည်းရင်ဆိုင်ရတယ်။ စည်ပင်နဲ့ စစ်သားတွေက စျေးသည်တွေဆီ လုတာ အဆိုးဆုံးပဲ။ သိန်းဆယ်ချီဆုံးရှုံးခဲ့ရတဲ့ကုန်စိမ်းသမားတွေ သီရိမင်္ဂလာစျေးမှာ ရှိတယ်” လို့ သီရိမင်္ဂလာစျေး ကုန်စိမ်းအရောင်းဆိုင်ပိုင်ရှင်တစ်ဦးကဆိုပါတယ်။ 

ဒါ့အပြင် ဧရာဝတီတိုင်း၊ဇလွန်မြို့နယ်၊ပကွဲရေလဲအုပ်စုခြံတန်းရွာမှာလည်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုး ဝင်းရွှေ၊ ငွေသိန်းနဲ့ နယ်ထိန်းရဲ ကျော်သင်းတို့ ပူး ပေါင်းပြီး အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းလောင်းကစားဝိုင်းအာဝါဒေးပွဲတွေအကြီး အကျယ်ပြုလုပ်ပေးလျက်ရှိနေတယ်လို့ သိရပါတယ်။ 

“ရွာလူငယ်လူရွယ်တွေအကုန် အဲဒီလောင်းကစား၀ိုင်းမှာ။ PDF မလုပ်နဲ့ ။ လောင်းကစားလုပ်ကြ ဆိုတာမျိုးပဲ” ဟု ရွာခံတစ်ဦးကဆိုပါတယ်။ 

လောင်းကစားနဲ့ အာဝါဒေးပွဲတွေ ဖြစ်မြောက်ရေးအတွက်မြို့နယ်ထွေအုပ်ကို ငွေ သိန်းဆယ်ချီပေးတရားဝင်ပုံစံ လုပ်ကိုင်နေတာလို့ သိရပါတယ်။ 

စစ်ကောင်စီခန့် ဇလွန်မြို့နယ်၊ပကွဲရေလဲအုပ်စုခြံတန်းရွာ အုပ်ချုပ်ရေးမှူး၀င်းရွှေက  ကြံခိုင်ရေးပါတီဝင်ဖြစ်တယ်လို့ သိရပါတယ်။ 

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ် ငွေတော်ကြည်ကုန်းရပ်ကွက်မှာလည်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ကိုတင်စိုး၊ ဆယ်အိမ်ခေါင်း ရာအိမ်မှူး သိန်းနွဲ့ ဖိုးဆန်း ပေါအောင် ညီညီ တို့ ဦးဆောင်မှုနဲ့  ရပ်ကွက် အတွင်း လောင်းကစားဝိုင်းမျး ပြုလုပ်ပေးခြင်း၊ ချဲထီ လုပ်ငန်းတွေကို လိုင်းကြေးယူခွင့်ပြုပေးနေတယ်လို့ သိရပါတယ်။ 

ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ်သပြေချာင်းကျေးရွာမှာလည်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဦးဝိုင်းခေါ် သိန်းတိုးလင်းက စစ်တပ်နဲ့ ပူးပေါင်းပြီး ကျေးရွာမှာရှိတဲ့ ငါးဖမ်းနှင့်စက်တပ်ယာဥ်ကို တစ်စီးကို ၁၆၅၀၀ ကျပ် ဆက်ကြေးကောက်ခံနေပါတယ်။ ဒါ့အပြင် နှစ်လုံးထီနဲ့ ချဲထီလုပ်ငန်းတွေကိုလည်း  ရဲတွေနဲ့ပေါင်းပြီး လိုင်းကြေးရယူ ခွင့်ပြုပေးနေတယ်လို့ သိရပါတယ်။ 

ဓာတ်ပုံ- မန္တလေးတွင် ဖေဖော်ဝါရီလအတွင်း ကင်းလှည့်နေသည့် ရဲတပ်ဖွဲ့ဝင်များ။ 

Photo- Anadolu Agency

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article