35 C
Yangon

စစ်တပ်အတွက် အမည်တပ်သော်လည်း ဗိုလ်ချုပ်ကြီးများအကျိုးစီးပွားအတွက် ဦးပိုင်ကုမ္ပဏီအတွင်းရေးများ

Must read

By ရန်ကုန်ခေတ်သစ် 

၁၉၈၈ ခုနှစ် အရေးအခင်းအပြီး စစ်ခေါင်းဆောင် စောမောင်၊ သန်းရွှေ အာဏာရယူပြီး မကြာခင်မှာပဲ စစ်မှုထမ်းတွေအားလုံးအတွက် ရည်ရွယ်တဲ့ ဦးပိုင်ကုမ္ပ ဏီ ကို စတင် ထူထောင်ပါတယ်။ 

အတိအကျပြောရင်တော့ ဧပြီလ ၂၇ ရက်နေ့ ၁၉၉၀ ခုနှစ်မှာ ကုမ္ပဏီမှတ်ပုံတင်အမှတ် ၂၈/၁၉၉၀-၁၉၉၁ နဲ့ စတင်ဖွဲ့စည်းလိုက်တာပါ။ စစ်မှုထမ်းဟောင်းနဲ့ စစ်မှုထမ်း အားလုံးအတွက် ရည်ရွယ်တယ်လို့ ဆိုပါတယ်။ 

ဦးပိုင်ကုမ္ပဏီရှယ်ယာမှာ ကာကွယ်ရေးဝန်ကြီးဌာန၊ ပစ္စည်းဝယ်ယူမှု ညွှန်ကြားရေးမှူးရုံး အစုရှယ်ယာတွေက  “က” အစုရှယ်ယာအဖြစ်ပါဝင်ပြီး စစ်မှုထမ်း ဟောင်း၊ စစ်မှုထမ်းဆဲနှင့် တပ်ရင်းတပ်ဖွဲ့တွေက “ခ” အစုရှယ်ယာအဖြစ် ကနဦး ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ ကနဦးစတင်ချိန်က အစုရှယ်ယာ ၁၀ သန်း ရောင်းချခဲ့ပြီး ရှယ်ယာတစ်စုကို ငွေကျပ် ၁၀၀၀ သတ်မှတ်ပါတယ်။ ဦးပိုင်ရဲ့ မတည်ရင်းနှီးငွေက သန်း ၁၀၀၀၀ ဖြစ်ပြီး လက်ရှိအချိန်မှာတော့ ငွေကျပ် ဘီလီယံရာချီရှိနေပြီလည်းဖြစ်ပါတယ်။ 

၁၉၉၀ ခုနှစ် ဦးပိုင် ကုမ္ပဏီကို စတင်ထောင်သူတွေကတော့ ဥက္ကဋ္ဌ အဖြစ် ဗိုလ်ချုပ်မျိုးညွှန့်၊ မန်နေဂျင်းဒါရိုက်တာအဖြစ် ဗိုလ်မှူးချုပ်အေဘယ်လ်၊ ဒါရိုက်တာအဖွဲ့ဝင်များ အဖြစ် ဗိုလ်မှူးချုပ်သန်းဦး၊ ဗိုလ်မှူးချုပ်မင်းသိန်း၊ ဗိုလ်မှူးချုပ် ကျော်တင့်၊ ဗိုလ်မှူးချုပ် တင်ထွဋ်၊ ဗိုလ်မှူးချုပ် သိန်းထွန်း၊ ဗိုလ်မှူးကြီးအောင်ကိုး(ငြိမ်း)၊ ဗိုလ်မှူးကြီးမောင်မောင်(ငြိမ်း)နဲ့ ဦးမြင့်ဆွေတို့ ဖြစ်ပါတယ်။ 

ဦးပိုင်ဥက္ကဋ္ဌကိုတော့ စစ်တပ်ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်ပြီး လက်ရှိ ဦးပိုင်ဥက္ကဋ္ဌကတော့ ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦးဖြစ်ပါတယ်။ ဦးပိုင်ဥက္ကဋ္ဌတွေကို စစ်တပ်ကပဲ တိုက်ရိုက်ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ 

စစ်မှုထမ်းဟောင်းတွေနဲ့ စစ်မှုထမ်းအောက်ခြေ ဝန်ထမ်းတွေအတွက် အကျိုးဖြစ်ထွန်းစေဖို့ ရည် ရွယ်တဲ့ ဦးပိုင်မှာ တကယ်တမ်း အကျိုးဖြစ်ထွန်း စီးပွားဖြစ်တာကတော့ ထိပ်တန်းဗိုလ်ချုပ်ကြီးတွေပဲဖြစ်ပါတယ်။ 

“ရည်ရွယ်ချက်ကတော့ တပ်မတော်သားတွေ သက်သာချောင်ချိရေးပေါ့ဗျာ။ ဒါပေမယ့်လည်း တကယ်တမ်း အကျိုးဖြစ်တာကတော့ ဗိုလ်ချုပ်တွေပါပဲ။ ဦးပိုင်က ဦးသန်းရွှေခေတ်တုန်းကလည်း စီးပွားရေးလုပ်ပိုင်ခွင့်၊  ကားပါမစ်၊ သတ္တုနဲ့ကျောက်စိမ်းတူးဖော်ခွင့်၊ သစ်လုပ်ငန်းလုပ်ခွင့် အဲဒီလို စီးပွားရေးလုပ်ခွင့်ပါမစ်တွေ ရတယ်။ အဲဒါတွေကို ဗိုလ်ချုပ်တွေရဲ့ သားသမီး ဆွေမျိုး ကုမ္ပဏီတွေကို ပြန်ချပေးတာပဲ။ ကျနော်ကိုယ်တိုင်လည်း ဒီကုမ္ပဏီကနေ အကျိုးဖြစ်ထွန်းခဲ့တာ ဝန်ခံပါတယ်။ ဒါက တိုင်းပြည်အတွက် နောင်မျိုးဆက်သစ်အတွက် ဒါက မကောင်းဘူး။ စီးပွားရေးလုပ်ငန်းတွေ အားလုံးကို လက်ဝါးကြီးအုပ်ပြီး ခြယ်လှယ်တာပေါ့။ အခုလည်း စစ်တပ် အာဏာသိမ်းတာက ဒီစနစ်ကို ပြန်သွားချင်တာပဲ” လို့ တပ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်က ပြောပါတယ်။ 

လက်ရှိ ဦးပိုင်မှာလည်း ထိပ်ပိုင်းခေါင်းဗိုလ်ချုပ်ကြီးတွေက ရှယ်ယာတွေ၊ လုပ်ပိုင်ခွင့် ပါမစ်တွေ ရယူတာတွေရှိနေပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှာ စီးပွားရေး လက်ဝါးကြီးအုပ်မှု ပိုဆိုးလာနိုင်တယ်လို့ ဆိုပါတယ်။ 

“အခုက မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဘူးဖြစ်နေတယ်။ အာဏာသိမ်းလိုက်ပြီးတဲ့နောက် ဦးပိုင် လုပ်ငန်းတွေပါ အကုန်ထိကုန်တယ်။ ဒါကို ဘယ်လို အဖတ်ဆယ်မလဲဆိုတာ မသိသေးဘူး။ စီးပွားရေးက အတော်ထိုးကျနေပေမယ့် ခုံနေရာတွေက ဦးထားနေကြပြီ။ ခွေးကျိုးနဲ့ ယုန်လိုက်သလို စီးပွားပျက်ခေတ်ထဲမှာ လက်ဝါးကြီးအုပ်ချင်တဲ့ ဗိုလ်ချုပ်တွေကြောင့် ပိုပျက်စီးမယ့် အခြေအနေပါ” လို့ တပ်ဘက်သတင်းရင်းမြစ်က ဆိုပါတယ်။ 

လက်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊စိုးဝင်း ကစလို့ မိုးမြင့်ထွန်း၊ အောင်လင်းဒွေး၊ မိုးအောင် စတဲ့ ဗိုလ်ချုပ်တွေဟာလည်း ဦးပိုင်မှာ အကျိုးစီးပွားတွေ ရှိနေကြပြီး သူတို့နဲ့ ဆက်နွယ်နေတဲ့ စီးပွားရေးကုမ္ပဏီတွေကလည်း ဦးပိုင်ကုမ္ပဏီနဲ့တွဲဖက် အလုပ်လုပ်နေကြတာဖြစ်ပါတယ်။ 

ဓာတ်ပုံ- လက်ရှိ ထိပ်ပိုင်း ဦးပိုင်းကုမ္ပဏီ ခေါင်းဆောင် စစ်ဗိုလ်ချုပ်ကြီးများ၏ မှတ်ပုံတင် မိတ္တူများဖြစ်ပါသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article