25 C
Yangon

စစ်ကိုင်းရှိ မြို့နယ် ၁၆ခုကို စစ်တပ်က လေယာဉ်ဖြင့် တိုက်ခိုက်ခဲ့ပြီး စစ်ဘေးရှောင်ပြည်သူ သိန်းနဲ့ချီရှိလာ စားဝတ်နေရေး ခက်ခဲနေ 

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၂ 

စစ်ကိုင်းတိုင်း အတွင်းရှိ မြို့နယ် ၁၆ခုကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့က ဒီဇင်ဘာလပိုင်းက စတင်ကာ ဇန်နဝါရီလအထိ ပြည်သူများ နေထိုင်သော ကျေးရွာများကို လေယာဉ်ဖြင့် ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဒေသခံပြည်သူ သိန်းနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရကာ စစ်ရှောင်ပြည်သူများ၏ စားဝတ်နေရေး အခက်အခဲများရှိနေကြောင်း မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ 

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ဗုံးကြဲတိုက်ခိုက်ခဲ့သော မြို့နယ်များမှာ ရေဦး၊ ခင်ဦး၊ တန့်ဆည်၊ ဒီပဲယင်း၊အရာတော်၊ ရွှေဘို၊ ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူး၊ ကျွန်းလှ၊ ကနီ၊ မင်းကင်း၊ ပုလဲ၊ ယင်းမာပင်၊ ဆားလင်းကြီး၊ ကလေး စသည့် မြို့နယ်များ တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။ 

ဒီဇင်ဘာ ၂၂ ရက်နေ့ညနေပိုင်းတွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သော ကျွန်းလှမြို့နယ် ကန်စွန်းအင်း ကျေးရွာတွင် ရွာသား ၁ဦးသေဆုံးခဲ့ကာ ဒီဇင်ဘာလ ၂၀ ရက်နေ့ ရေဦးမြို့နယ် ရေမျက်ကျေးရွာတွင်လည်း လေကြောင်းတိုက်ခိုက်မူကြောင့် ရွာသား ၁၀ ဦး သေဆုံးခဲ့ကြောင်း မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။ 

“စစ်ကိုင်းမှာ လေကြောင်း တိုက်ခိုက်မှုက ဆက်တိုနီးပါးကို ဖြစ်နေတာ တိုက်ပွဲရှောင် အရေအတွက်ကလည်း သိန်းနဲ့ချီရှိလာပြီ မြန်မာတစ်နိုင်ငံလုံးရဲ့ စစ်ရှောင် အရေအတွက်ရဲ့ တစ်ဝက်နီးပါးလောက်က စစ်ကိုင်းတိုင်းမှာရှိနေတဲ့ အနေအထားဖြစ်နေတယ်။ တိုက်ပွဲရှောင် အရေအတွက်များလာတာနဲ့ အမျှစားသောက်ကုန် ပစ္စည်းတွေလည်း လိုအပ်လာတယ်။ အမိုးအကာပစ္စည်းတွေလည်း လိုအပ်နေတယ်။ ကူညီကယ်ဆယ်ရေးအဖွဲ့တွေလည်း မရှိသလောက်ဆိုတော့ ဒေသခံပြည်သူတွေ အချင်းချင်းပဲ ပြန်လည် ကူညီနေရတဲ့ အနေအထားဖြစ်နေတယ်။ အခက်အခဲတွေလည်း အများကြီးရှိတယ်” ဟု မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။ 

စစ်ကိုင်းတိုင်းအတွင်းတွင် စစ်တပ်က မြေပြင်စစ်ဆင်ရေးများတွင် ရှုံးနိမ့်နေခြင်းကြောင့် လေကြောင်းတိုက်ခိုက်မှုများဖြင့် မြေပြင် စစ်ကြောင်းများ လှုပ်ရှားနေရကာ ပြည်သူများ နေထိုင်သည့် ကျေးရွာများကိုပါ လေကြောင်းဖြင့် တိုက်ခိုက်ခြင်းကြောင့် စစ်ရှောင်အရေအတွက် များပြားလာခြင်းဖြစ်ကြောင်း သိရသည်။

Photo – အကြမ်းဖက် စစ်တပ်၏ Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ် တစ်စီးအား ၂ဝ၁၈ ခုနှစ်က ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ပုသိမ်မြို့အနီးရှိ စစ်ရေး လေ့ကျင့်မှုတစ်ခုတွင် တွေ့ရစဉ်(AFP)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article