ရန်ကုန်၊ ဇန်နဝါရီ ၂၄
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်းကို အလေးပြုမည့် ကားများ အလှဆင်ရာတွင် မန်းရွှေစက်တော်ရာဘုရားကိုလည်း ထည့်သွင်းတည် ဆောက်ခိုင်းထားကြောင်း သိရှိရသည်။
နေပြည်တော်တွင် မင်းအောင်လှိုင်ကို ချီတက် အလေးပြုမည့် ကား ၅၀ နီးပါး အလှဆင်လျက်ရှိပြီး မန်းရွှေစက်တော်ရာဘုရား အမည်ဖြင့် ကားတစ်စီးကိုလည်း ပြင်ဆင်ထားပြီး ယင်းကားသည် မင်းအောင်လှိုင်ကို ချီတက် အလေးပြုမည့် ကားများထဲတွင် တစ်စီး အပါအဝင်ဖြစ်ကြောင်း၊ အလားတူ ဗိဿနိုးနယ်မြေအမည်ဖြင့် ကားအလှဆင်နေမှုလည်း ပါဝင်ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လာမည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ကျရောက်မည့် ၇၅ နှစ်မြောက် စိန်ရတုနေ့ အခမ်းအနားတွင် အလေး ပြုခံမည့် ဗိုလ်ရှုခံအဆောက်အအုံကို တည်ဆောက်နေကြောင်း သိရှိရသည်။
ဗိုလ်ရှုခံအဆောက်အအုံ တည်ဆောက်သည့်နေရာသည် သမ္မတအိမ်တော်၊ ပြည်ထောင်စုလွှတ်တော်ဝင်း အနီး တွင်ဖြစ်ပြီး လမ်း ၂၀ လမ်းမကြီးဘေးတွင် တည်ဆောက်နေခြင်းဖြစ်ကြောင်း၊ လက်ရှိ ဗိုလ်ရှုခံ အဆောက်အအုံ တည် ဆောက်နေသော နေရာကို လုံခြုံရေး အထူးတင်းကျပ်ထားကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာရူးသည့် စရိုက်လက္ခဏာ အပြည့်ရှိနေပြီး ကိုဗစ်ကြောင့် တိုင်းပြည် စီးပွားရေးအထိနာခြင်း၊ စစ်အာဏာသိမ်းမှုကြောင့် တိုင်းပြည် စီးပွားရေး ထိုးကျနေချိန်တွင် ငွေကျပ်ဘီလီယံချီ အသုံးပြု၍ ဗိုလ်ရှုခံ အဆောက်အအုံ နှင့် အလေးပြုခံရန် စီစဉ်နေခြင်းဖြစ်သည်ဟု နေပြည်တော်ဝန်ထမ်းအသိုင်းအ၀ိုင်းက သုံးသပ်ပြောဆိုသည်။
ဓာတ်ပုံ- မင်းအောင်လှိုင်ကို ချီတက် အလေးပြုရမည့် မန်းရွှေစက်တော်ဘုရားနှင့် ဗိဿနိုးနယ်မြေကားများ။