ရန်ကုန်၊ ဇန်နဝါရီ ၂၄
သီရိလင်္ကာနိုင်ငံမှာ (၅) ကြိမ်မြောက်ကျင်းပမယ့် ဒေသတွင်းပူးပေါင်း ဆောင်ရွက်ရေးအစုအဖွဲ့ BIMSTEC ရဲ့ နိင်ငံ့ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးကို မြန်မာနိုင်ငံက တက်ရောက်ဖို့ ရှိနေပါတယ်။
BIMSTEC အဖွဲ့ဝင် နိုင်ငံများအစုအဖွဲ့မှာ အိန္ဒိယ၊ နီပေါ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ထိုင်းနဲ့ သီရိလင်္ကာနိုင်ငံတို့ ပါဝင်ပြီး အဲ့ဒီအစုအဖွဲ့ရဲ့ အုပ်ချုပ်ရေးရုံးက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရှိပါတယ်။
BIMSTEC အနေနဲ့ ဖေဖော်ဝါရီ အာဏာသိမ်းမှုနောက်ပိုင်း တရားမဝင် မြန်မာစစ်ကောင်စီနဲ့ ထိတွေ့ ဆက်ဆံခဲ့ကြပြီး အခုထိပ်သီးအစည်းအဝေးမှာ စစ်ရာဇဝတ်ကောင်မင်းအောင်လှိုင်က မြန်မာနိုင်ငံ ကို ကိုယ်စားပြုပြီး တက်ရောက်လာမယ့် အန္တရာယ်ကြီးတစ်ရပ် ရှိနေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Justice For Myanmar က ဆိုပါတယ်။
စစ်ကောင်စီအနေနဲ့ အဆိုပါအစည်းအဝေးကို တက်ရောက်ခွင့်ရခဲ့ပါက သံတမန်သစ်ခန့်အပ်ဖို့ ကြိုးပမ်းတာကို ငြင်းဆိုခဲ့တဲ့ ကုလသမဂ္ဂနဲ့ ၂၀၂၁ ခုနှစ် ထိပ်သီးအစည်းအဝေးမှာ တက်ရောက်ခွင့် ပိတ်ပင်ခဲ့တဲ့ အာဆီယံအဖွဲ့အစည်း တို့ကို ဆန့်ကျင်ပြီး လူ့အခွင့်အရေးနဲ့ မြန်မာပြည်သူတို့ရဲ့ ဒီမိုကရေစီစိတ်ဆန္ဒအပေါ် စိတ်ပျက်ဖွယ်ရာ လျစ်လျူရှုမှုတစ်ရပ် ဖြစ်လာတော့မှာ ဖြစ်တယ်လို့ အဆိုပါ အဖွဲ့ကပြောပါတယ်။
အခုပြုလုပ်မယ့် အစည်းအဝေးမှာ BIMSTEC ရဲ့ ပဋိဉာဥ်ကို အတည်ပြုဖို့ရှိပြီး နည်းပညာ လွှဲပြောင်းပေးအပ်တာ၊ ဥပဒေရေးရာအထောက်အကူ ပေးအပ်တာတွေနဲ့ သံတမန်ရေးရာသင်တန်း ကိစ္စရပ်တွေမှာ သဘောတူညီမှုတွေ ချမှတ်မှာဖြစ်တဲ့အတွက် အရေးပါတဲ့ အစည်းအဝေးတစ်ရပ် ဖြစ်နိုင်ပါတယ်။
BIMSTEC စီမံအုပ်ချုပ်ရေးရုံးက ပြီးခဲ့တဲနှစ် ဇွန်လက BIMSTEC နေ့အတွက် “ခေါင်းဆောင်”တွေရဲ့ သတင်းစကားတွေဆိုပြီး ထုတ်ပြန်ခဲ့တဲ့ထဲမှာ မင်းအောင်လှိုင်လည်း ပါဝင်ခဲ့ပြီး “လေးစားအပ်ပါသော မြန်မာနိုင်ငံ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ”၊ “နိုင်ငံတော်ဝန်ကြီး ချုပ်” လို့ ရည်ညွှန်းဖော်ပြခဲ့တယ်လို့ JFM က ဆိုပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းမှာ စစ်ကောင်စီတပ်များ ပူးပေါင်းပါဝင်ခဲ့တဲ့ BIMSTEC စစ်ရေးလေ့ကျင့်မှုတွေကို အိန္ဒိယနိုင်ငံက လက်ခံကျင်းပခဲ့သလို တရားမဝင်စစ်ကောင်စီက မြန်မာနိုင်ငံ ကိုယ်စားလှယ်အနေနဲ့ အစည်းအဝေးတွေလည်း တက်ရောက်ခဲ့ပြီး စိုက်ပျိုးရေးကဏ္ဍဆိုင်ရာ BIMSTEC ပူးပေါင်းဆောင်ရွက်ရေးကို ဦးဆောင်ခဲ့ပါသေးတယ်။
BIMSTEC အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အခုလို စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို အရေးယူအပြစ်ဒဏ် ချမှတ်ခံရခြင်းကနေ ကင်းလွတ်နေတဲ့ အကြမ်းဖက်စစ်တပ်ကို တရားဝင်မှုပေးနေတာတွေကို ချက်ချင်း ရပ်တန့်ဖို့ JFM က တောင်းဆိုထားပါတယ်။
ဒါ့အပြင် တရားမဝင်စစ်ကောင်စီ အနေနဲ့ BIMSTEC တင်မဟုတ်ပဲ တခြားဘယ်ကမ္ဘာ့ဖိုရမ်တွေမှာ မြန်မာနိုင်ငံ ကိုယ်စားပြုဖို့ လူထုထောက်ခံချက် ရရှိထားတာ မရှိသလို BIMSTEC ရဲ့ ထိတွေ့ဆက်ဆံမှုက စစ်ကောင်စီကို အကြမ်းဖက်စစ်ဆင်ရေးတွေ အရှိန်မြှင့်ဆောင်ရွက်ဖို့ ရဲဆေးတင်ပေးခြင်းသာ ဖြစ်ကြောင်း JFM က ထုတ်ပြန်ပြောဆိုထားပါတယ်။