25 C
Yangon

ကျိုက်ထို၊ သိမ်ဇရပ်လမ်းခွဲရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တစ်ခု လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရပြီး စစ်သားနှင့် ရဲအချို့သေဆုံး၊ စစ်ကောင်စီတပ်ဖွဲ့က ရမ်းသန်းပစ်ခတ်လို့ ပြည်သူ ၁ ဦး ကျည်ထိမှန်သေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၈

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ သိမ်ဇရပ်လမ်းခွဲရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိရာ စစ်ဆေးရေးဂိတ်ကို KNLA နှင့် ပူးပေါင်းတပ်ဖွဲ့က ယနေ့ ဇန်နဝါရီလ ၂၈ ရက် မွန်းလွဲ ၂ နာရီခန့်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သားနှင့် ရဲအချို့သေဆုံးကာ စစ်ကောင်စီဘက်မှ ရမ်းသန်းပစ်ခတ်မှုကြောင့် အနီးဝန်းကျင်ရှိ ပြည်သူ ၃ ဦး ကျည်ထိမှန်ပြီး ၁ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

“ရဲဂိတ်နားမှာ လက်နက်ကြီး ၂ လုံးကျတယ်၊ စစ်ဆေးရေးဂိတ်ပေါ့။ ရခ စခ အသေများမယ်၊ ကြားတာတော့ စစ်ခွေး ၃ ယောက်၊ ရဲ ၂ ယောက် လို့ကြားတယ်။ အဲဒီနေရာနားကို လူနာတင်ကားတောင် ပေးမဝင်ဘူး။ သူတို့ ပြန်ပစ်တာ ၃ ယောက်ထိတယ်၊ ၁ ယောက် သေသွားတယ်။ ဒဏ်ရာရတာက ခရီးသွား ၂ ယောက်၊ သေသွားတဲ့သူက မုပ္ပလင်မှာ အိမ်ထောင်ကျပြီး လာနေနေတာ၊ ကို‌‌အောင်မျိုးထက်၊ ကရင်လို့လည်း သူ့ကို ခေါ်တယ်” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ အတည်ပြု ပြောဆိုသည်။

“သိမ်ဇရပ်လမ်းခွဲဘက်၊ မုပ္ပလင်တောရကျောင်း အဲဒီတဝိုက်မှာ အကြီးအကျယ်ပစ်ကြတာ။ လက်နက်ကြီးတွေရော ပစ်ကြတာ။ ကားလမ်းတွေလည်း ပိတ်ပေါ့၊ စစ်တောင်းတံတားပေါ်မှာလည်း ကားတန်းကြီး ပိတ်နေတာ”ဟု အခြားဒေသခံတစ်ဦးက ပြောသည်။

ယနေ့ တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်ပြီး KNLA နှင့် ပူးပေါင်းတပ်ဖွဲ့ဘက်မှ အတည်ပြု သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ကျိုက်ထိုမြို့နယ်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ကြား ယခုရက်ပိုင်းတွင် ရက်ဆက်တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသည်။

Photo – ကျိုက်ထိုအသံ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article