28 C
Yangon

မြန်မာပြည်သူတို့၏ ဆန္ဒကို အသိအမှတ်ပြု အလေးထားရန် လိုအပ်တော့မည် ဖြစ်သည့် တရုတ်ရင်းနှီးမြှုပ်နှံမှုများ

Must read

By လမ်းသစ်

တရုတ်ရင်းနှီးမြှုပ်နှံမှုများ အပါအဝင် နှစ်စဉ် အမေရိကန်ဒေါ်လာ ၄.၈ ဘီလီယံခန့် ပုံမှန်ဝင်ရောက်နေသော မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကဏ္ဍသည် စစ်တပ်မှ အာဏာလုယူခဲ့သည့် ၂၀၂၁ ခုနှစ် တနှစ်လုံးတွင် ဝင်ရောက်မှု မရှိသလောက် နည်းပါးခဲ့သည်။

၂၀၂၁ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁ သန်းအောက် လုပ်ငန်းငယ်များတွင်သာ လုပ်ငန်းတိုးချဲ့ရန် ဝင်ရောက်နေမှုတို့ ရှိနေသည်။

တရုတ်ကုမ္ပဏီတို့သည် မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်စီမံကိန်း၊ သတ္တုတူးဖော်ရေး စီမံကိန်းကဲ့သို့ ရင်းနှီးမြှုပ်နှံမှု ကြီးမားသည့် လုပ်ငန်းများတွင် ပါဝင်နေပြီး ဒီမိုကရေစီခေတ်ဦးအစိုးရများထက် စစ်အစိုးရများနှင့် ပို၍ စီးပွားရေး ပနံသင့်ခဲ့သည်။

ထိုကြောင့် စစ်တပ်မှ အာဏာလုယူပြီးနောက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု မရှိသလောက် ‌လျော့ကျနေချိန်ဝယ် တရုတ်လုပ်ငန်းများ ဝင်ရောက်လာမည်လော ဟု ယူဆနေကြသော်လည်း ဝင်ရောက်ရန်အတွက် ပြင်ဆင်ကြခြင်းပင် မရှိသည်ကို တွေ့ရသည်။

တရုတ်ကုမ္ပဏီများ အတွေးအခေါ် ပြောင်းပြီလော
===================

တရုတ်အစိုးရနှင့် တရုတ်ကုမ္ပဏီများသည် မြန်မာ့နိုင်ငံရေးအခြေအနေ၊ မြန်မာပြည်သူတို့၏ စိတ်နှင့် စိမ်းလှသည်တော့ မဟုတ်ချေ။ မြန်မာပြည်သူများက သူတို့ကို မကြိုက်နှစ်သက်သည်ကို သဘောပေါက်ထားကြသလို အဆိုပါ မုန်းတီးမူသည် ယခင်စစ်အစိုးရများနှင့် ပနံသင့်သည့်အချက်နှင့် တရုတ်ကုမ္ပဏီများက မြန်မာ့သယံဇာတများကို လက်ဝါးကြီးအုပ် ထုတ်ယူသုံးစွဲနေသည့် အချက်များကြောင့် ဆိုသည်ကိုလည်း နားလည်ထားကြသည်။

ထိုကြောင့် ယခုတစ်ကြိမ် စစ်တပ်မှအာဏာ လုယူထားသည့် ကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ခြေလှမ်းဦးရန် ပြင်ဆင်မှုများပြုလုပ် မထားသည်ကိုတွေ့ရသည်။

ထို့အပြင် တရုတ်နိုင်ငံ၏ အရေးပါသော One Belt One Road (OBOR) စီမံကိန်း နှင့် အာဆီယံနှင့် တရုတ်အကြားအရေးပါသည့် Regional Comprehensive Economic Partnership (RCEP) ကဲ့သို့ စီမံကိန်းများ ပြင်ဆင်နေသည့်နေရာတွင်လည်း မြန်မာပါဝင်နိုင်ခြင်း မရှိသေးသည်ကို တွေ့ရှိရသည်။

သို့သော် တရုတ်သည် ယခင်ခေတ်အဆက်ဆက် အာဏာရယူထားသည့် စစ်အစိုးရများအပေါ်တွင်သာ အာရုံစိုက်ခဲ့ပြီး ပြည်သူများကို ဂရုစိုက်လှသည်တော့ မဟုက်ချေ။ ယင်းရလာဒ်အရ ပြီးခဲ့သည့် ၁၀ နှစ်အတွင်း တရုတ်နိုင်ငံကို ဆန့်ကျင်မှုများ တိုးပွားလာနေသလို တရုတ်လုပ်ငန်းများ၊ စီးပွားရေးများနှင့် ထုတ်ကုန်များအပေါ် ကန့်ကွက်မှုတို့ များပြားလာခဲ့သည်။

မြန်မာနိုင်ငံတွင် တရုတ်ရင်းနှီးမြှုပ်နှံမှု
=================

မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ်မှ စ၍ ၂၀၂၁ခုနှစ်အထိ ခွင့်ပြုချက်ရရှိထားသော တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ လုပ်ငန်းစီမံကိန်းပေါင်း ၅၂၇ ခုနှင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၂၁ ဘီလီယံကျော် ရှိပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၏ ၂၃.၈၉ ရာခိုင်နှုန်း ရှိသည် ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွန်ကြားမှုဦးစီးဌာန DICA ၏ ထုတ်ပြန်ချက်များအရ သိရသည်။

ယင်းတို့အနက် စီမံကိန်းလုပ်ငန်းပေါင်း ၄၉၀ ခုနှင့် တန်ဖိုး ၁၉ ဘီလီယံခန့်မှာ လည်ပတ်လုပ်ကိုင်နေပြီ ဖြစ်သည်။

၂၀၁၀-၁၁ခုနှစ်မှ စတင်ကာ စစ်တပ်မှ အာဏာ မလုယူသေးသည့် ကာလ ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်အထိ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ ၁၁.၉ ဘီလီယံ‌ကျော် အထိ ရှိနေသည်။ စစ်တပ်မှ အာဏာလုယူမှု ဖြစ်ပွားပြီးနောက်မှာ မြန်မာနိုင်ငံကနေ ထွက်ခွာသွားတဲ့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု ၂၃ ခုကျော် ရှိနေပြီး ထိုအထဲတွင် တရုတ်စီးပွားရေးလုပ်ငန်းများ၊ စီမံကိန်းများ ပါဝင်ခြင်း မရှိသေးချေ။

တရုတ်-မြန်မာလုပ်ငန်းရှင်များအသင်းတွင် ဝင်ရောက်ထားသည့် စာရင်းအရ မြန်မာနိုင်ငံတွင် ဝင်ရောက် လုပ်ကိုင်နေသည့် တရုတ်ကုမ္ပဏီပေါင်း ၃၄၀ ရှိနေသည် ဟု ဆိုသည်။ ယင်းတို့ထဲမှ ၃၀ ရာခိုင်နှုန်းသည် အထည်ချုပ်ကဏ္ဍထဲတွင် ပါဝင်ရင်းနှီးမြှုပ်နှံထားကြသည်။

အာဆီယံတွင် တရုတ်ရင်းနှီးမြှုပ်နှံမှု
=================

အာဆီယံနိုင်ငံများထံ တရုတ်နိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု သည် ၂၀၁၀ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံရှိနေရာမှ ၂၀၁၉ခုနှစ် တွင် အမေရိကန်ဒေါ်လာ ၉.၁ ဘီလီယံအထိ ရှိလာသည့်အတွက် ၁၈၅ ရာခိုင်နှုန်း တိုးတက်ခဲ့သည် ဟု နိုင်ငံတကာစစ်တမ်းများက ဆိုသည်။

၂၀၁၉ ခုနှစ်၏ အာဆီယံအပေါ် ရင်းနှီးမြှုပ်နှံမှုသည့် ထိပ်တန်းနိုင်ငံစာရင်းတွင် တရုတ်နိုင်ငံသည် အမေရိကန်၊ ဂျပန် နှင့် ဉရောပနိုင်ငံ တို့ပြီးလျှင် စတုတ္ထမြောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အကြီးဆုံးရင်းမြစ် ဖြစ်သည်။

အာဆီယံကို တရုတ်နိုင်ငံမှ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) သည် ယခုနှစ်များအတွင်း နှစ်စဥ် ၂၃.၃ ရာခိုင်နှုန်း တိုးလာကာ ၂၀၂၀ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံအထိ ရောက်ရှိခဲ့သည် ဟု တရုတ် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စစ်တမ်းတို့က ဆိုသည်။

၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် မြန်မာနိုင်ငံတွင် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာသန်း ၅၅၀ ကျော်ရှိသဖြင့် ရာခိုင်နှုန်းအားဖြင့် ၃ ရာခိုင်နှုန်းခန့်သာ ရှိသည်ဟု ‌ဆိုနိုင်သည်။

တရုတ်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းဇယားများအရ အာဆီယံတွင် တရုတ်ကုမ္ပဏီပေါင်း ၆,၀၀၀ ကျော်က ပါဝင် ရင်းနှီးမြှုပ်နှံထားရာ မြန်မာနိုင်ငံတွင် ကုမ္ပဏီ ၃၄၀ သာ ရှိသည်နှင့် နှိုင်းယဉ် ကြည့်နိုင်သည်။

တရုတ်၏ ရင်းနှီးမြုပ်နှံမှု ထိပ်တန်း ၃ နိုင်ငံသည် စင်ကာပူ၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်တို့ ဖြစ်သည့်အတွက် မြန်မာနိုင်ငံသည် တရုတ်အတွက် အရေးပါသည့် ရင်းနှီးမြှုပ်နှံသည့်နိုင်ငံ ဖြစ်မနေသည်ကိုပါ တွေ့နိုင်သည်။

အလားတူ ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် တရုတ်နိုင်ငံ၏ ဦးဆောင်မှုဖြင့် အာဆီယံနှင့် ချိက်ဆက် လုပ်ဆောင်နေသော RCEP ကွန်ယက်ကို စတင်ခဲ့သော်လည်း မြန်မာအနေနဲ့ ပါဝင်ခြင်း မရှိနိုင်သေးသည်ကို တွေ့ရသည်။

ဘာကြောင့် တရုတ်ရင်းနှီးမြှုပ်နှံမှု မလာတာလဲ
==============

တဖက်တွင်လည်း မြန်မာနိုင်ငံသည် တရုတ်အတွက် နိုင်ငံရေး၊ လုံခြုံရေး၊ ကုန်သွယ်ရေးအရ အရေးပါသည့် အနေအထားတွင် လက်ခံထားသည့်အလျောက် တရုတ်နိုင်ငံအနေဖြင့် ပြီးခဲ့သည့် NLD အစိုးရလက်ထက်တွင်လည်း OBOR နှင့် ဆိုင်သော စီမံကိန်းပေါင်း ၃၀ ထက် မနည်း သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။

ထိုသို့ အရေးပါမှုကို အသိအမှတ်ပြုရန် ၂၀၁၉ ခုနှစ်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင် ကိုယ်တိုင် လာရောက် လည်ပတ်ခဲ့ကာ မြန်မာ၏ အရေးပါမှုကို အသိအမှတ်ပြုခဲ့သည်။

သို့သော်လည်း Covid-19 ရောဂါ ကူးစတ်ပြန့်ပွားသည့် အခြေအနေနှင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာစစ်တပ်၏ အာဏာသိမ်းယူမှုသည် ၎င်းတို့ အကျိုးစီးပွားအပေါ် ထိခိုက်စေသည် ဟု တရုတ်နိုင်ငံက ယူဆထားဖွယ် ရှိသည်။

ယင်းအတွက်ကြောင့် တရုတ်သည် မြန်မာနိုင်ငံနှင့် ပတ်သက်လျှင် သတိထားဆက်ဆံနေသလို ယခင်ကဲ့သို့ အစိုးရချင်း ချိတ်ဆက်မှုသာမက မြန်မာပြည်သူတို့က ၎င်းတို့အပေါ် မည်သို့ သဘောထားနေသည်ကိုပါ စောင့်ကြည့်နေရသည်။

အကယ်၍ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုများ ထွက်ခွာနေချိန်ဝယ် ၎င်းတို့ ဝင်ရောက်ရင်းနှီးမြှုပ်နှံပါက မြန်မာပြည်သူတို့၏ ဆန့်ကျင်ကန့်ကွက်မှုကို ရေရှည် ရင်ဆိုင်ရမည် ဖြစ်သည်။

ယင်းအစား အခွန်အခ ကင်းလွတ်ခြင်းတူ၊ တခြားအမေရိကနှင့် ဉရောပဈေးကွက်တို့ကို တင်ပို့နိုင်ခြင်း တူသည့် အာဆီယံနိုင်ငံများတွင်း ရင်းနှီးမြှုပ်နှံခြင်းက အကျိုးအမြတ်ပိုရှိစေမည် ဟူသည့် ယူဆချက်များလည်း တရုတ်ရင်းနှီးမြှုပ်နှံသူများအကြား ပိုမိုများပြားလာဖွယ် ရှိသည်။

လက်ရှိတွင် တရုတ်အစိုးရက တရုတ်လုပ်ငန်းများအား မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန်၊ ထွက်ခွာရန် ပြောဆိုမှု မရှိသော်လည်း တစ်နှစ်ကြာသည့်တိုင် နိုင်ငံရေးမတည်ငြိမ် ဖြစ်နေသည့် မြန်မာတွင် စီမံကိန်းများ လုပ်ဆောင်ရန်မှာ ဆုံးရှုံးနိုင်ခြေ (Risk )များသည့်အတွက် ရင်းနှီးမြှုပ်နှံမှုတို့ ရပ်ဆိုင်းနေခြင်းလည်း ဖြစ်နိုင်သည်။

ထိုကြောင့် စစ်တပ်မှ အာဏာလုယူထားသည့် ကာလအတွင်း တရုတ်၏ ရင်းနှီးမြှုပ်နှံမှုအသစ် ပေါ်မလာပဲ ရှိနှင့်ပြီးသား လုပ်ငန်းများကိုသာ ဆက်လက်လည်ပတ်ဖွယ် ရှိသည်။ အထည်လိပ်ကဏ္ဍတွင် တရုတ်စက်ရုံ အလုပ်ရုံပါဝင်မှု ၃၀ ရာခိုင်နှုန်းထိ ရှိသော်လည်း ဈေးကွက်မှာ ဉရောပနှင့် ဂျပန်ဈေးကွက်ကို မျှော်ကြည့်နေရသည်။ စစ်တပ်အာဏာလုမှုကြောင့် နိုင်ငံတကာမှ ဆန်ရှင်များ ပိုမို ချမှတ်မှုများ ပြုလုပ်လာလျှင် အဆိုပါ ကုမ္ပဏီတို့မှာလည်း ထွက်ခွာကြဖွယ် ရှိနေသည်။

စစ်တပ်အာဏာလုထားသည့် ကာလအတွင်း အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံ တန်ဖိုးရှိ မီးလင်းချိုင် သဘာဝဓ့တ်ငွေ့သုံး လျှပ်စစ်စက်ရုံကို စစ်ကောင်စီက ခွင့်ပြုပေးခဲ့သော်လည်း အဆိုပါစီမံကိန်းသည်လည်း ရပ်ဆိုင်းနေသည် ဟု ယူဆရသည်။

အဆိုပါစီမံကိန်းအပါအဝင် မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမည့် စီမံကိန်းများမှာလည်း အသီးသီး ရွှေ့ဆိုင်းထားရသည့် အခြေအနေတွင် ရှိနေသည်။

အမေရိကန်၊ ဥရောပနိုင်ငံများမှလည်း မြန်မာနိုင်ငံရှိ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍကို အရေးယူပိတ်ဆို့ရန် ဖိအားပေးနေရာ နှစ်ပေါင်းများစွာ လုပ်ကိုင်နေသည့် တိုတယ် ရှက်ဗရွန် အပါအဝင် စီမံကိန်းလုပ်ငန်း ၂၃ ခုကျော်မှာလည်း အသီးသီး ထွက်ခွာနေကြပြီ ဖြစ်သည်။

အချုပ်အားဖြင့် တရုတ်နိုင်ငံအနေဖြင့် နိုင်ငံရေးမတည်ငြိမ်မှု၊ ဒေသတွင်း မအေးချမ်းမှုတို့ ဖြစ်ပွားနေသော စစ်တပ်မှ အာဏာသိမ်းယူ ထားသည့် မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ကိုယ်ကျိုးအမြတ် ဦးစွာ မရှာသေးပဲ ပနံသင့်အောင် ပေါင်းသင်း ဆက်ဆံရေးကိုသာ အားပြုထားသည့် သဘောကို တွေ့ရသည်။

တရုတ်သည် မြန်မာနိုင်ငံရေး ဖြစ်တည်နေမှု အခြေအနေကို စောင့်ကြည့်နေပြီး ယခင် မြစ်စုံစီမံကိန်းကဲ့သို့ လုပ်ငန်းများ ရပ်ဆိုင်းခံရခြင်း မရှိလာစေရန် သတိထားလုပ်ဆောင်နေသည် ဟု ဆိုရမည် ဖြစ်သည်။

အာဏာလုယူခံရပြီးနောက်ပိုင်းတွင် ၂၀၂၁ ခုနှစ် မတ်လအတွင်း ရန်ကုန်တိုင်းရှိ တရုတ်စက်ရုံ၊ အလုပ်ရုံများ မီးရှို့ဖျက်ဆီးခံရသလို စစ်ကောင်စီကလည်း အဆိုပါ လုပ်ငန်းများကို လုံခြုံရေး တိုးမြင့်ချထားခဲ့သည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်းလည်း တရုတ်သတ္တုတူးဖော်ရေး စီမံကိန်းကို သွယ်တန်းထားသည့် လျှပ်စစ်မီးများ ဖျက်ဆီးခံရသဖြင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ၄င်းတို့၏ အကျိုးစီးပွားများကို ကာကွယ်ပေးရန် NUG အစိုးရထံ တောင်းဆိုခဲ့ရသည်။

မြန်မာနိုင်ငံတွင် တရုတ်အတွက် ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းများကဲ့သို့ အရေးပါသည့် စီမံကိန်းများစွာ ရှိနေပြီး လက်ရှိ နိုင်ငံရေးအခြေအနေအရ စစ်ကောင်စီကလည်း လုံခြုံရေး အာမ‌ခံပေးနိုင်ခြင်း မရှိတော့ချေ။

ပိုက်လိုင်းများအတွက် လုံခြုံရေး ရရှိရန် စစ်ကောင်စီက အင်အားသောင်းကျော် ချထားသော်လည်း ကီလိုမီတာ ၇,၀၀၀ ကျော် ရှည်လျှားသည့် လက်တွေ့ မြေပြင်ပိုက်လိုင်းတွင် လုံခြုံသည်ဟုတော့ မယူဆနိုင်ချေ။

ထို့အပြင် အကျင့်ပျက်ခြစားမှုများ ပြည့်နှက်နေသော တရုတ်ရင်းနှီးမြှုပ်နှံမှုများ အပေါ် ဆန့်ကျင်ဆန္ဒပြမှု အရှိန်ကလည်း တဖြေးတဖြေး မြင့်တက်လာနေခြင်းများကြောင့်၊ မြန်မာပြည်တွင်းရှိ တရုတ်တို့၏ အကျိုးစီးပွားကို အမှန်တကယ် ကာကွယ်ပေးမှု ရရှိချင်ပါက တရုတ်နိုင်ငံအနေနှင့် လက်ရှိမြန်မာပြည်သူများ ရွံရှာ မုန်းတီး ဆန့်ကျင် တော်လှန်နေသော အကြမ်းဖက် စစ်ကောင်စီအား ကူညီထောက်ပံ့ပေးနေမှု၊ ပူးပေါင်းဆောင်ရွက်နေမှု မှန်သမျှကို ချက်ချင်း ရပ်တန့်ရေး ဦးစားပေး လုပ်ဆောင်ရမည်သာ ဖြစ်ပါတော့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article