25 C
Yangon

မင်းအောင်လှိုင်က မြန်မာနိုင်ငံတွင်း အခြေအနေများ ထိမ်းသိမ်းနိုင်ခြင်းမရှိတော့လျှင် တရုတ်စစ်တပ်က ဝင်ရောက်ကျုးကျော်ရနိုင်သည်ဟု တရုတ်အစိုးရပိုင် မီဒီယာတစ်ခုက ခြိမ်းခြောက်

Must read

မင်းအောင်လှိုင်က မြန်မာနိုင်ငံတွင်း အခြေအနေများ ထိမ်းသိမ်းနိုင်ခြင်းမရှိတော့လျှင် တရုတ်စစ်တပ်က ဝင်ရောက်ကျုးကျော်ရနိုင်သည်ဟု တရုတ်အစိုးရပိုင် မီဒီယာတစ်ခုက ခြိမ်းခြောက်

ရန်ကုန်၊ မေ ၁၅

ပြီးခဲ့သည့်နှစ်လခန့်မှစတင်သော ကချင်ဒေသ တကျော့ပြန်စစ်ပွဲများ ပြန်လည်ပြင်းထန်လာချိန်တွင် တရုတ်စစ်တပ်က မြန်မာနိုင်ငံနယ်စပ်အနီး ကျည်အစစ်နှင့် ပစ်ခတ်သော အကြီးစားစစ်ရေးလေ့ကျင့်မှုကို တစ်လအတွင်း နှစ်ကြိမ်ထိ ပြုလုပ်ခဲ့ပြီး၊ မြန်မာနိုင်ငံတွင်း ၄င်း၏အကျိုးစီးပွား အထိခိုက် မခံနိုင်ကြောင်းကို အိမ်နီးချင်းနိုင်ငံအား စစ်ရေးအင်အားပြလျက် သတင်းစကားပါးခဲ့သည်။

ယင်းစစ်ရေးလေ့ကျင့်မှုများသည် တရုတ်နိုင်ငံ၏ အကျိုးစီးပွားနှင့် နယ်စပ်လုံခြုံရေးကို ထိပါးစေမည့် မည့်သည့်လုပ်ရပ်ကိုမျှ လုပ်ဆောင်ခြင်းမပြုရန် မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့များအား အထင်ရှားဆုံး သတိပေးရန်လည်း ရည်ရွယ်ပုံရသည်။

အဆိုပါစစ်ရေးလေ့ကျင့်မှု စတင်နေစဥ်အတွင်းတွင်ပင် မြန်မာစစ်တပ်အနေ ဖြင့် နိုင်ငံတွင်း အခြေအနေအား မထိန်းသိမ်းနိုင်တော့ပါက တရုတ်စစ်တပ်က မြန်မာနိုင်ငံကို ကျူးကျော်ဝင်ရောက်ရနိုင်သည် ဟု အဓိပ္ပာယ်ဆောင်သော သတင်းတင်ဆက်မှုတစ်ခု တရုတ်နိုင်ငံပိုင် Phoenix TV ချန်နယ်မှ အချိန်ကိုက်ထုတ်လွှင့်ခဲ့သည် ဆိုသည်ကို ခေတ်သစ်မီဒီယာက ယမန်နေ့က ဖော်ပြခဲ့ပြီး ဖြစ်သည်။

မြန်မာ့အချုပ်အခြာအာဏာကို တိုက်ရိုက်ထိပါးစေသော အဆိုပါရုပ်သံအစီအစဥ်ကို ခေတ်သစ်မီဒီယာမှ ပြန်လည်လေ့လာပြီး သတင်းတင်ဆက်မှုအတွင်း ပြောဆိုခဲ့သည်များကို အောက်ပါအတိုင်း ဆီလျှော်အောင် အကျဥ်းရုံး ဘာသာပြန်ဆို ဖော်ပြအပ်ပါသည်။

သတင်းအစတွင် “Liangjian အစီအစဥ်မှ ကြိုဆိုပါတယ်” ဟု သတင်းတင်ဆက်သူ Jin Liang က အစချီထားသည်။ ၄င်းက ဆက်လက်ပြီး-

လားရှိုးမြို့တစ်ဝိုက်တွင် မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး နှစ်ဖက်အပစ်ရပ်စာချုပ် ပျက်သွားကြောင်း ကြေညာမှုတွေလည်း ရှိနေပါတယ်။ အရင်နဲ့ မတူတာက ဒီတကြိမ်က မြန်မာစစ်တပ်ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က စတင်တိုက်ခိုက်နေတာပါ။ KIA ကို ဒုတိယကမ္ဘာစစ်အတွင်းက ဖွဲ့စည်းခဲ့တာဖြစ်ပြီး အမေရိကန်ပြည်ထောင်စုရဲ့ လက်နက်ထောက်ပံ့မှုတွေ တချိန်လုံး ရှိနေပါတယ်။ စုစုပေါင်း တပ်ဖွဲ့ဝင် သောင်းချီရှိပြီး တပ်မဟာ ၅ ခုနဲ့ ဖွဲ့စည်းထားတာပါ။

KIA ဟာ မြန်မာနိုင်ငံမြောက်ပိုင်းရှိ လက်နက်ကိုင်အဖွဲ့များအနက် အင်အားကြီးမားတဲ့ အဖွဲ့တစ်ခု ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဒီလက်နက်ကိုင်အဖွဲ့ဟာ တရုတ်ဆန့်ကျင်ရေးအမြင်တွေကို ပြသထားပြီး အမေရိကန်ထောက်ခံရေး အဖွဲ့လည်း ဖြစ်ပါတယ်။ ၎င်းရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေထဲမှာ ကချင်ပြည်နယ်ကို မြန်မာနိုင်ငံကနေ သီးခြားခွဲထုတ်ရုံသာမက ယူနန်ရှိ လူနည်းစုအချို့ကို တရုတ်နိုင်ငံမှ ခွဲထွက်ဖို့ ထပ်မံသွေးထိုးလှုံ့ဆော်ဖို့ ဆိုတာတွေလည်း ပါဝင်ပါတယ်။ အချုပ်အားဖြင့်ဆိုရရင် အန္တရယ်ရှိတဲ့အဖွဲ့ ဖြစ်ပါတယ်။

တိုက်ပွဲအခြေအနေအရ မြန်မာစစ်တပ်ဟာ အတိုင်းအတာတစ်ခုအထိ ရှုံးနိမ့်သွားပုံရပါတယ်။ KIA နှင့် MNDAA တို့ဟာ ၂၁ ရက်အတွင်း ကချင်ပြည်နယ်ထဲမှာ မြန်မာ စစ်တပ်စခန်း ၉ ခုနဲ့ စခန်းငယ် ၅၀ တို့ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ယင်းတို့အနက် အနည်းဆုံး စစ်စခန်း ၆ ခုဟာ တရုတ်နယ်စပ်နှင့် နီးကပ်နေပါတယ်။

ဒါ့အပြင် အဆိုပါလက်နက်ကိုင်အဖွဲ့ဟာ မြန်မာနိုင်ငံနဲ့ အဓိကနယ်စပ်ဖြတ်ကျော်ဂိတ် ၅ ခုထဲက တစ်ခုဖြစ်တဲ့ လွယ်ဂျယ် နယ်စပ်ဂိတ်မြို့ကို သိမ်းပိုက်လိုက်ပါတယ်။ အဆိုပါ နယ်စပ်ဂိတ်ဟာ တစ်နှစ်လျှင် တရုတ်နဲ့ မြန်မာကြား ကုန်သွယ်မှု ကန်ဒေါ်လာ သန်း ၁၀၀ ကျော် တန်ဖိုးရှိတဲ့ အရေးပါတဲ့ နယ်စပ်ဂိတ်တစ်ခုလည်း ဖြစ်ပါတယ်။

လက်ရှိအခြေအနေတွေဟာ အနာဂတ်မှာ တရုတ်နိုင်ငံအတွက် အရေးကြီးသော စိန်ခေါ်မှု နှစ်ခုကို ဆောင်ကျဉ်းပေးနေပါတယ်- ပထမအချက်က လုံခြုံရေး ဖြစ်ပြီး ကေအိုင်အေနှင့် မြန်မာစစ်တပ်တို့က တရုတ်နိုင်ငံနယ်စပ်မှာ တိုက်ပွဲဖြစ်ပွားနေတာကြောင့် တရုတ်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးနဲ့ နယ်စပ်နေ တရုတ်လူမျိုးများရဲ့ လူ့စွမ်းအားနဲ့ ပစ္စည်းလုံခြုံရေးကို ထိခိုက်စေပါတယ်။

ဒုတိယအချက်မှာ ကုန်သွယ်မှုနဲ့ ကူးသန်းရောင်းဝယ်ရေးနဲ့ စပ်လျဉ်းပြီး အဓိက တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော်ဖြတ်ဂိတ် အသိမ်းခံရခြင်းနဲ့အတူ မြန်မာနိုင်ငံတွင်း စစ်ပွဲတွေဟာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ တည်ဆောက်မှုကို ထိခိုက်စေပါတယ်။ ဒါဟာ တရုတ်နိုင်ငံရဲ့ Belt and Road Initiative ရဲ့ မဟာဗျူဟာမြောက် ဖွံ့ဖြိုးတိုးတက်မှုကို ဘယ်လိုပျက်ပြားစေတယ်ဆိုတာကို ညွှန်းဆိုနေတဲ့ သာဓကတစ်ခုလည်း ဖြစ်ပါတယ်။

ဒီအခြေအနေမှာ တရုတ်နိုင်ငံဟာ ဘက်နှစ်ဘက် ချဉ်းကပ်နည်းနဲ့ ချဥ်းကပ်ညှို့နှိုင်း အားစိုက်လုပ်ဆောင်ခဲ့ပါတယ်။

စစ်ရေး အရဆိုရင် ဧပြီလ ၂ ရက်နေ့မှ စတင်ပြီး တရုတ်တပ်မတော် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အနေနဲ့ ကြည်းတပ် လေတပ်တို့ ပူးပေါင်းပြီး အရေးပေါ်အခြေအနေများအတွက် ကြိုတင်ပြင်ဆင်နိုင်ဖို့ မြန်မာနယ်စပ် တရုတ်ဘက်ခြမ်းမှာ တိုက်ရိုက်ပစ်ခတ်မှုတွေပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ပါတယ်။

သံတမန်နည်းအရလည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးဟာ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေအပါအဝင် အခြားသက်ဆိုင်သူတွေနဲ့ တွေ့ဆုံပြီး နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ဆွေးနွေးညှိနှိုင်းမှုတွေ ရှိခဲ့ပါတယ်။ သံအမတ်ကြီးက တရုတ်နိုင်ငံအနေနဲ့ ယင်းကိစ္စတွေမှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လိုကြောင်းလည်း အလေးပေးပြောကြားခဲ့ပါတယ်။ …..

.

……… “တရုတ်နိုင်ငံအနေနဲ့ အခြားနိုင်ငံများရဲ့ ပြည်တွင်းရေးမှာ မည်သည့်အခါမျှ ဝင်ရောက်စွက်ဖက်ခြင်း မရှိပေမယ့် မြန်မာနိုင်ငံ ပြည်တွင်းစစ်ဟာ တရုတ်နိုင်ငံရဲ့ လုံခြုံရေးကို ခြိမ်းခြောက်လာတယ်ဆိုရင်တော့၊ တရုတ်နိုင်ငံအနေနဲ့ အခြားရွေးချယ်စရာလမ်း မရှိပါဘူး”….

…….. “ဒီကိစ္စနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံအနေနဲ့ ‘အင်အားသုံး’ မဖြေရှင်းမှီ ကနဦးရှိရမယ့် ငြိမ်းချမ်းစွာ ညှို့နှိုင်းလုပ်ဆောင်မှုများကိုလည်း လုပ်ဆောင်ခဲ့ပြီး ဖြစ်ပါတယ်။ မင်းအောင်လှိုင်အစိုးရအနေနဲ့ ပြည်တွင်းအခြေအနေကို မထိမ်းသိမ်းနိုင်တော့ဘူးဆိုရင် အဲ့အခြေအနေတွေအတွက် တရုတ် တပ်မတော်က အပြည့်အဝ ပြင်ဆင်ပြီးသား ဖြစ်နေပါပြီ” ဟု ပြောခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ပြောဆိုပြီး နောက်ပိုင်းတွင်တော့… မြန်မာ့အရေး ဖြေရှင်းဖို့ရာ၌ တွေ့ဆုံဆွေးနွေး အဖြေရှာရေးက အရေးပါပုံနှင့် တတိယကြားခံအဖွဲ့အစည်းများလည်း လိုအပ်လာနိုင်ကြောင်း အပါအဝင် မြန်မာ့အရေးတွင် အာဆီယံသည် အရေးပါသော နိုင်ငံတကာ ပလက်ဖောင်းဖြစ်ကြောင်းကို ၄င်းကဆက်ပြောခဲ့သည်။ အဆုံးသတ်တွင်တော့ အစီအစဥ်တင်ဆက်သူ Jin Liang က

“လက်ရှိမှာ ကျွန်ုပ်တို့အနေနဲ့ အပြောင်းအလဲများနဲ့ မတည်မငြိမ်ဖြစ်နေတဲ့ နိုင်ငံတကာ အခင်းအကျင်းတွေနဲ့ ရင်ဆိုင်နေရတာပါ။ ဒီနေရာမှာ ဩဇာအရှိန်အဝါ တိုးတက်ကြီးမားလာစေခြင်းနဲ့ မိမိကိုယ်ကို အင်အားကြီးမားစေခြင်း ကသာလျှင် အခုလို မသေချာ မရေရာမှုတွေကို တုံ့ပြန်ဖို့ အကောင်းဆုံးနည်းလမ်းတွေ ဖြစ်ပါတယ်။ လက်ငင်းအကျိုးစီးပွားကိုသာ အာရုံစူးစိုက်ပြီး မဆင်မခြင် စစ်ပွဲစတင်ပါက သူတို့ဟာ သမိုင်းမှာ အမေ့လျော့ခံအနေနဲ့ ပျောက်ကွယ် ကျဆုံးသွားမှာပါ။ ဒါက မြန်မာအတွက်ရော၊ ဖိလစ်ပိုင်နဲ့ ဂျပန်အတွက်ပါ အတူတူပါပဲ” ဟု ပြောကြားခဲ့သည်။

အချုပ်အားဖြင့် KIA အပါအဝင် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အချို့ကို အမေရိကန်ထောက်ခံ အဖွဲ့များအဖြစ် အဆိုပါ တရုတ်မီဒီယာက ပုံဖော်ထားသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံတွင်း ပဋိပက္ခဖြစ်ပွားရာ နေရာအများစုတွင် တရုတ်ရင်းနီးမြှပ်နှံမှု စီမံကိန်းများ ရှိနေရာ၊ တရုတ်အစိုးရအနေဖြင့် မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းရေး၊ ဖက်ဒရယ် ရရှိရေးဆိုသည်ထက် အဆိုပါဒေသများတွင် ဗဟိုချုပ်ကိုင်မှုများသော Stability ဆိုသည့် “တည်ငြိမ်ရေး” ကိုသာ လိုလားသည် ဆိုသည်ကို တရုတ်အစိုးရ၏ တစိုက်မတ်မတ် ပြောဆိုချက်များက သက်သေခံနေသည်။

ထို့ကြောင့် အကယ်၍ မြန်မာနိုင်ငံတွင်း နယ်မြေတည်ငြိမ်ရေးကို သက်ဆိုင်ရာအစုအဖွဲ့များက မစွမ်းဆောင်နိုင်တော့ပါက တရုတ်အနေနှင့် မဖြစ်မနေ အင် အားသုံး ဝင်ရောက်ကျုးကျော် စွက်ဖက်ရလိမ့်မည် ဆိုသည့် သတင်းစကားကို တဖက်လှည့်နှင့် ရှင်းရှင်းလင်းလင်း ပေးလိုက်ခြင်း ဖြစ်သည်။

နောက်ဆက်တွဲအနေဖြင့် အဆိုပါ ရုပ်သံသတင်းကို တင်ဆက်ပြီး ရက်သတ္တပတ်အတွင်း သတင်းဌာနမှ သတင်းလင့်ကို ပြန်လည်ဖြုတ်ချထားသည်ကို တွေ့ရသည်။ သတင်းလင့်ဖြုတ်မချမှီ ကိုယ်တိုင်ကြည့်ရှု သိမ်းဆည်းထားသည့် ခေတ်သစ်မီဒီယာသတင်းရင်းမြစ်တစ်ဦးက အဆိုပါ သတင်းနှင့်ပတ်သက်၍ ဝေဖန်မှုအချို့ ထွက်ပေါ်လာခဲ့အပြီး သတင်းဌာနက ယခုကဲ့သို့ သတင်းကို ဖြုတ်ချခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ ကျွမ်းကျင်သူများအားလည်း သီးသန့်မေးမြန်း၍ ဆက်လက်တင်ဆက်သွားမည် ဖြစ်ကြောင်းလည်း အသိပေးအပ်ပါသည်။

(Phoenix TV သည် ဟောင်ကောင် အပါအဝင် တရုတ်ပြည်မကြီးတွင် တရုတ် မန်ဒရင်းနှင့် ကန်တုံဘာသာစကားသုံး အစီအစဥ်များကို ထုတ်လွှင့်နေသည့် တရုတ်အစိုးရက အများစုပိုင်ဆိုင်ထားသည့် ရုပ်မြင်သံကြားကွန်ရက်တစ်ခု ဖြစ်သည်ဟု Online သတင်းရင်းမြစ်များတွင် ဖော်ပြထားသည်)။

- Advertisement -spot_img

More articles

1 COMMENT

Comments are closed.

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article