35 C
Yangon

မင်းအောင်လှိုင် ဗိုလ်ရှုခံရန် နာရီပိုင်းအလို နေပြည်တော်၊ တပ်ကုန်းမြို့မစျေးနှင့် ပျဉ်းမနားတွင် ဗုံးများပေါက်ကွဲ၊ ရန်ကုန် အပါအဝင် နိုင်ငံတစ်ဝန်းတွင်လည်း ဗုံးများပေါက်ကွဲ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဗိုလ်ရှုခံရန် နာရီပိုင်းအလို နေပြည်တော်၊ တပ်ကုန်းမြို့မစျေးနှင့်ပျဉ်းမနားတို့တွင် ယခုည ဗုံးများပေါက်ကွဲကြောင်း နေပြည် တော် Ngwe Soe NPT – PDFမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည် ယခုည နေပြည်တော် သဇင်ဆောင်အနီးတွင်လည်းကောင်း၊ ည ၉ နာရီ ကျော်ခန့် တပ်ကုန်းမြို့မစျေးတွင်လည်းကောင်း၊ ည ၁၀ကျော်ခန့်တွင် ပျဉ်းမနားမြို့၊ ဂွကြားရပ်ကွက်(ဘိုးဘွာရိပ်သာအနီး)တွင်ရှိ ရေနံသိုလှောင်ရုံသို့ ဗုံးခွဲတိုက်ခိုက်ကြောင်း သိရှိရသည်။ အလားတူ ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊မတ္တရာမြို့နယ် အရှေ့ခြမ်းတွင် လှည့်လည်သောင်းကျန်းနေသော စစ်ကောင်စီစစ်ကြောင်းကို မြောင်းသစ်ကျေးရွာနှင့် ကျပ်ပြင်ကျေးရွာကြားတွင် နဂါးညီနောင် Local PDF အဖွဲ့က မိုင်း ၈ လုံး(ပဒေသာမိုင်း)ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ အလားတူ မန္တလေးတိုင်း ကျောက်ဆည်ခရိုင်မြစ်သားမြို့နယ်နှင့်နွားထိုးကြီးမြို့နယ်အစပ်အနီး နွားထိုးကြီးမြို့နယ် ဖုံသာကြီးတောကျောင်းနှင့်ဘုတ်ကုန်းရွာကြားရှိ စစ်တပ်ပိုင် မိုင်တဲလ်တာဝါတိုင်ကို ယမန်နေ့ညပိုင်းတွင် ဖောက်ခွဲဖျက်ဆီးခဲ့ပြီး ၎င်းတာဝါတိုင် ဖေါက်ခွဲမှုကို လာရောက်စစ်ဆေးသည့် ရဲအင်အားဆယ်ဦးပါကားကို ယနေ့ အပြင်းစားမိုင်းငါးလုံးဆွဲ၍ တိုက်ခိုက်ခဲ့ ကြောင်း ကျောက်ဆည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု (ပကဖ)က သတင်းထုတ်ပြန်သည်။ ထို့ပြင် ယနေ့ ည ၇ နာရီ ၃၀ မိနစ်အချိန် ဧရာ၀တီတိုင်း ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ကျိုလတ်စစ်ဆေးရေးဂိတ် (မအူပင်အထွက်) မြို့ပြင်ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုဖြစ်ပွားကာ စစ်သား ၁ ဦး သေဆုံးသွားကြောင်း သိရှိရသည်။ “ကျိုက်လတ်မြို့ဝင်စစ်ဆေးရေးဂိတ်မှာဒီနေ့ည ၇ ခွဲမှာ ဗုံးပေါက်ပါတယ်။ ပစ်တဲ့သူကဆိုင်ကယ်နဲ့လာပစ်တာပါ။ စစ်သားတွေပက်လက်လန်သွားကြပါတယ်။ နောက်ပြီးတော့လာပစ်တဲ့လူကဆိုင်ကယ်မောင်းပြေးတော့သေနတ်နဲ့အတွဲလိုက်ပစ်ပေမယ့် မထိပါဘူး။ စစ်ကားတွေနဲ့သေနတ်ပစ်ဖောက်ပြီးမအူပင်ဘက်ကိုလိုက်သွားကြတယ်လို့လဲသိရပါတယ်။ ဖြစ်တာက ကျိုက်လတ်_မအူပင်လမ်း (ကျိုက်လတ်မြို့ဝင်စစ်ဆေးရေးဂိတ်)မှာပါ” ဟု‌ ဒေသခံတစ်ဦးက ပြောသည်။ အလားတူ ယနေ့ည ၈ နာရီ ဧရာ၀တီတိုင်း ကျုံပျော်မြို့နယ်၊ အထောင်မြို့ EPC ရုံးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး မီးကြိုးများ လိုက်ဖြတ်လေ့ရှိသော Non CDM ဝန်ထမ်း ဦးဇော်ဝင်း ထိခိုက်ဒဏ်ရာရကြောင်း သိရှိရသည်။အလားတူ ရန်ကုန်တိုင်း၊ အင်းစိန်မြိုနယ်၊ ရွာမအနောက်ရပ်ကွက်၊ ဖန်ချက်စက်ရုံလမ်းရှိ မုဒိတာအိမ်ယာ ၂ တွင် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ည ၇ နာရီ ၁၅ နာရီအချိန်ဗုံးပေါက်ကွဲပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဗိုလ်ရှုခံရန် ပြင်ဆင်ထားသော နေပြည်တော်မြင်ကွင်းများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article