31 C
Yangon

NUG အစိုးရ၏ ၇၅ နှစ်ပြည့်ပင်လုံစာချုပ် အခမ်းအနား တိုင်းရင်းသားအဖွဲ့များကိုယ်စား KIA စစ်ဦးချုပ် ဗိုလ်ချုပ်ကြီး ဂမ်ရှောင် မိန့်ခွန်းပြော၊ အမေရိကန်၊ ဗြိတိန် အပါအဝင် နိုင်ငံပေါင်း ၂၄ ခုမှ သံတမန်များ တက်ရောက်

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၂

အမျိုးသားညီညွတ်ရေး NUG က ကျင်းပသည့် ၇၅ နှစ်မြောက်ပင်လုံစာချုပ်ချုပ်ဆိုခြင်း အခမ်းအနား တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များကိုယ်စား KIA စစ်ဦးချုပ် ဗိုလ်ချုပ်ကြီး ဂမ်ရှောင် မိန့်ခွန်းပြောပြီး အမေရိကန်၊ ဗြိတိန်အပါ အဝင် နိုင်ငံပေါင်း ၂၄ နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ကြောင်း သိရှိရသည်။ ယနေ့ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရက ပင်လုံစာချုပ်ချုပ်ဆိုခြင်း ၇၅ နှစ်ပြည့်အခမ်းအနားကို အွန်လိုင်းမှ ကျင်းပနေပြီး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် သပိတ်ကော်မတီများနှင့် မြန်မာနိုင်ငံဆိုင်ရာ ပြည်ပသံရုံးများမှ သံတမန်များ တက်ရောက်ကြသည်ကို တွေ့ရသည်။ကချင်လွတ်လပ်ရေးအဖွဲ့ ဒုတိယဥက္ကဌ၊ KIA စစ်ဦးချုပ် ဗိုလ်ချုပ်ကြီး ဂမ်ရှောင်က “အခုအချိန်မှာ လူမျိုးပျောက်ကွယ်သွားရန် နည်းလမ်းပေါင်းစုံနဲ့ အာဏာရှင်အစိုးရအဆက်ဆက်ရဲ့ ဖိနှိပ်ခြင်းကို ခံခဲ့ရတဲ့ လူနည်းစုတိုင်းရင်းသားများအတွက် နိုင်ငံရေးအာမခံရှိပြီး ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ပြန်လည်ရရှိရေးအတွက် အမြန်အကောင်အထည်ဖော်ဆောင်ရွက်ရန် အချိန်ကိုက်ဖြစ်နေပြီ။ မြန်မာအစိုးရ အဆက်ဆက်က ပင်လုံစာချုပ်ကို ပစ်ပယ်ထားခဲ့ပေမယ့် တောင်တန်းဒေသနဲ့ တိုင်းရင်းသားများက ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်ကို ကနေ့ မျက်မှောက်ကာလအထိ တန်ဖိုးထား စွဲကိုင်ထားဆဲဖြစ်တယ်” ဟု ပင်လုံစာချုပ်ချုပ်ဆိုခြင်းအခမ်းအနားတွင် ပြောဆိုသည်။ NUG အစိုးရ၏ ၇၅ နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုခြင်း အခမ်းအနားကို French Republic ၊ Republic of Ireland ၊ Kingdom of Denmark ၊ Kingdom of Sweden ၊ Canada ၊ Federal Republic of Germany ၊ Japan ၊Delegation of the European Union to Myanmar ၊ New Zealand ၊ Republic of Croatia ၊ Kingdom of Norway ၊ Swiss Confederation ၊ United States of America ၊ Republic of Ghana ၊ Republic of Poland ၊ Grand Duchy of Luxembourg ၊ Kingdom of Belgium ၊ Italian Republic ၊ Republic of Belarus ၊ Czech Republic ၊ Republic of Finland ၊ United Kingdom of Great Britain ၊ Northern Ireland ၊Commonwealth of Australia နှင့် Republic of Korea (South Korea) မှကိုယ်စားလှယ်တက်ရောက်ကြသည်။ NUCCကလည်း ၇၅ နှစ်မြောက်ပင်လုံစာချုပ်ချုပ်ဆိုခြင်း သဘောထားထုတ်ပြန်ချက်တစ်ရက်ထုတ်ပြန်ပြီး အချက် ၇ ချက်ပါရှိကြောင်း၊ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်ဟူသမျှ ချုပ်ငြိမ်းရေး၊ ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်နှင့် ဖက်ဒရယ် ဒီမိုကရေစီပဋိညာဉ် အခြေခံမူများအပေါ် အခြေပြုသည့် ညီ ညွတ်ရေး ကတိကဝတ်များကို အကောင်အထည်ဖော်ရေး၊ လူမျိုးကြီးဝါဒချုပ်ငြိမ်းရေးတို့ကို ဖော်ဆောင်၍ တိုင်းရင်းသားပြည်သူတရပ်လုံးက လိုလားသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို အမှန်တကယ် တည်ဆောက်နိုင်သည်အထိ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC က မဆုတ်မနစ် ကြိုးပမ်းလုပ်ဆောင်သွားမည်ဟု သန္နိဌာန်ပြုကြောင်း ရေးသားဖော်ပြသည်။ယခင်အစိုးရအဆက်ဆက်က ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်များအား ချိုးဖောက်ကာ သမိုင်းတလျှောက် ရက်ရက်စက်စက် ဖိနှိပ်အနိုင်ကျင့်ခဲ့မှုများ၊ ခွဲခြားဆက်ဆံမှုများအတွက် တိုင်းရင်းသားပြည်သူတရပ်လုံးကို လေးနက်စွာတောင်းပန်ကြောင်း ယနေ့ ဖေဖေါ်ဝါရီလ ၁၂ ရက် တွင်ကျရောက်သော ပင်လုံစာချုပ်ချုပ်ဆိုခြင်း ၇၅ နှစ်မြောက်တွင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC သဘောထားထုတ်ပြန်သည်။သဘောထားထုတ်ပြန်ချက်တွင် လူမျိုးကြီးဝါဒ၊ စစ်အာဏာရှင်စနစ်၊ တပါတီအာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ်များနှင့် အမျိုး၊ ဘာသာ၊ သာသနာကို ရှေ့တန်းတင်အသုံးချပြီး သွေးခွဲအုပ်ချုပ်ခဲ့သော အစိုးရအဆက်ဆက်ကြောင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ်ကြီးကို လွတ်လပ်ရေးရပြီးကတည်းက ယနေ့အချိန်ထိ ထူထောင်နိုင်ခြင်း အလျဉ်းမရှိကြောင်း ပါရှိသည်။အစိုးရဆက်ဆက်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံက မျှော်မှန်းခဲ့ကြသည့် ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စုကြီးကို အမှန်တကယ် ဖော်ဆောင်ခဲ့သယောင် လိမ်လည်လှည့်ဖျားပြီး လက်တွေ့တွင်မူ ပင်လုံစာချုပ်၊ ပင်လုံ ကတိကဝတ်များကို ချိုးဖောက်ကာ တပြည်ထောင်စနစ်ကိုသာ ကျင့်သုံးနေပြီး နှစ်စဉ် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ရောက်တိုင်း ပြည်ထောင်စုနေ့ဟု ခေါ်ဝေါ်ကျင်းပနေခဲ့ကြသည်ဟု NUCC ၏ သဘောထားထုတ်ပြန်ချက်တွင် ရေးသားထားသည်။ကချင်နိုင်ငံရေးဦးဆောင်အဖွဲ့ KPICT က အခမ်းအနားသို့ သဝဏ်လွှာပေးပို့ထားပြီး အဆိုပါ သဝဏ်လွှာတွင် NUG က ပြုလုပ်သည့် ၇၅ နှစ်မြောက်အထိမ်းအမှတ် အခမ်းအနားသည် ယခင်က အကောင်အထည်မဖော်ခဲ့သော ပင်လုံစာချုပ်နှင့် ပင်လုံကတိကဝတ်များကို NUG ၏ နိုင်ငံရေးလုပ်ငန်းစဉ်များတွင် လက်တွေ့အကောင်အထည်ဖော်ရန် စတင်သည့် အထိမ်းအမှတ်ဖြစ်သဖြင့် ကြိုဆိုရခြင်းဖြစ်ကြောင်း KPICT က သဝဏ်လွှာတွင် ရေးသားထားသည်။NUG ၏ ယနေ့ အခမ်းအနားသို့ ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းကိုယ်စားလှယ်များ၊ ကြားကာလ ပြည်နယ်/လူမျိုး အတိုင် ပင်ခံကောင်စီကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီကိုယ်စားလှယ်များ၊ အမျိုးသမီးကိုယ်စားလှယ်များ၊ အရပ်ဖက်အဖွဲ့အစည်း ကိုယ် စားလှယ်များ၊ သပိတ်အင်အားစုကိုယ်စားလှယ်များ၊ CDM ကိုယ်စားလှယ်များ၊ အလုပ်သမားသမဂ္ဂကိုယ်စားလှယ်များလည်း တက်ရောက်ကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article