32 C
Yangon

“ပြည်သူကျွေးတဲ့လစာစား ပြည်သူပေးတဲ့ အခွန်နဲ့လက်နက်ဝယ်ပြီးတော့ ပြည်သူ တွေကိုပြန်သတ်နေတဲ့ စစ်တပ်ကတော့ဒီပွဲမှာ နိုင်စရာအကြောင်းလုံး၀မရှိဘူး”

Must read

By ရန်ကုန်ခေတ်သစ်

ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF များသည် ဖွဲ့စည်းပြီး လပိုင်းအတွင်း စစ်ကောင်စီတပ်များကို တိုင်းရင်းသားလက်နက်ကိုင်များနှင့်အတူ ပူးတွဲတိုက်ခိုက်လျက်ရှိရာလက်ရှိတွင် နိုင်ငံတစ်ဝန်း စစ်ပွဲများစွာ တိုးပွားလာလျက်ရှိနေသည်။ တော်လှန်ရေးအတွက် အောင်ပွဲ ရရှိမှုများ ရှိသကဲ့သို့ လိုအပ်ချက်များလည်း ရှိနေရာ ယင်းအခြေအနေများနှင့်ပတ်သက်ပြီး ရန်ကုန်ခေတ်သစ်က PDF တပ်ဖွဲ့မှ သင်တန်းမှူးတစ်ဦးကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ နာမည်နဲ့ တပ်ဖွဲ့အမည် သိပါရစေ။

ဖြေ။ ။ ကျနော့်အမည်က နိုင်လင်းဟိန်းပါ။ အဖွဲ့အစည်းကတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပေါ့။

မေး။ ။ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ဘာကြောင့်ဝင်ခဲ့တာလဲ။

ဖြေ။ ။ အကြောင်းရင်းက မတရားညှင်းပန်းနှိပ်စက်ခံရတဲ့အချက်ရယ်၊ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်ဖို့ပေါ့၊ အာဏာရှင်စနစ်ကို မြန်မာ နိုင်ငံမှာ မရှိစေချင်တဲ့စိတ်နဲ့ ဝင်ရောက်လာခဲ့ခြင်းဖြစ်တယ်။

မေး။ ။ PDF ထဲဝင်ပြီးတဲ့နောက်ပိုင်း ဘာတွေလုပ်ဖြစ်လဲ။

ဖြေ။ ။ စပြီးရောက်လာတဲ့အချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်ဆိုတာ မပေါ်သေးဘူး။ PDF ဆိုတာဖြစ်လာဖို့ကိုကြိုးစားပြီးတော့ ပထမဆုံး အပတ်စဉ် ၁ ကိုသင်တန်းမှူးအဖြစ်နဲ့ စစ်သင်တန်းစပေးခဲ့တယ်။

မေး။ ။ PDF ထဲမဝင်ခင် အရင်က စစ်တပ်မှာ တာဝန်ယူဖူးတယ်လို့သိရပါတယ်။

ဖြေ။ ။ အဲ့ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီး အခုအချိန်မှာ ဘာမှ မပြောချင်သေးဘူး။

မေး။ ။ အကြမ်းဖက်စစ်တပ်ရဲ့ အာဏာသိမ်းမှုနောက်ပိုင်း ဆောင်ရွက်နေတာတွေအပေါ်ဘယ်လိုမြင်လဲ။

ဖြေ။ ။ အောက်ခြေကိုတောင်တိုးတက်ပြောင်းလဲပေးနိုင်ခြင်းမရှိတဲ့စစ် တပ်က နိုင်ငံတော်ကြီးကို ပြောင်းလဲပေးမယ်ဆိုပြီး စကားလုံးတွေနဲ့‌ပြောနေတာကို ဘယ်လိုမှယုံကြည်စရာမရှိဘူး။

မေး။ ။ PDF ကနေသင်တန်းပြီးသွားတဲ့ သင်တန်းသားတွေနဲ့ရော ဘာတွေဆက်လုပ်ဖြစ်လဲ။

ဖြေ။ ။ သူတို့ကိုသင်တန်းပေးတယ်။ NUG ရဲ့ အောက်ကနေ သက် ဆိုင် ရာနေရာမှာ သက်ဆိုင်ရာတာဝန်တွေကို ထမ်းဆောင်ဖို့အတွက်ဆောင်ရွက်ပေးတယ်။ ကိုယ်တိုင်လည်း တပည့်အချို့နဲ့ EAO ဒေသမှာတိုက်ပွဲဝင်နေတယ်။

မေး။ ။ EAOတွေနဲ့အတူ တိုက်ပွဲဝင်နေတယ်ဆိုတော့ ဘယ်လို အခြေ အနေ လေးတွေရှိလဲ။

ဖြေ။ ။ EAO တွေကတော့ရှင်းပါတယ်။ သူတို့မှာ သူတို့ စစ်ရေး ရည် မှန်း ချက်တွေရှိတယ်။ အဲ့ဒါကို NUG အနေနဲ့ မြေပြင်မှာ လက်တွေ့ကျကျပူးပေါင်းပြီး ကြိုးစား လုပ်ဆောင် မယ်ဆိုရင် အောင်မြင်လာနိုင်ပါတယ်။

မေး။ ။ လက်ရှိအနေအထားအရ စစ်ရေးအခြေအနေက ဘယ်လောက်အထိဖြစ်လာနိုင်ပါသလဲ။

ဖြေ။ ။ ပိုပြီး တင်းမာလာဖို့ပဲရှိပါတယ်။ အဓိကက ပြည်သူတွေမထိခိုက်အောင် နံပါတ်တစ် ဦးစားပေးစဉ်းစားပြီးတော့ ဆောင်ရွက်ရတဲ့အတွက်ကြောင့်တချို့လုပ်ငန်းတွေမှာနည်းနည်းကြာနေသလိုရှိတယ်။ လက် နက်ခဲယမ်းပိုင်းဆိုင်ရာမှာလည်း လိုအပ်ချက်ရှိနေလို့ အရှိန်အဟုန်နှေးနေတဲ့သဘောပေါ့။ ဒါကိုလည်း လုပ်ဆောင်နေပါတယ်။ မကြာခင်အချိန်အတွင်းမှာဖြစ်လာဖို့ရှိပါတယ်။ ဘယ်လိုတွေလုပ်မလဲဆိုတာတော့ အသေးစိတ်မပြောပြတော့ပါဘူး။

မေး။ ။ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ရောပူးပေါင်းဆောင်ရွက်နေတာရှိပါသလား။

ဖြေ။ ။ ညီအစ်ကိုတွေ ရဲဘော် ရဲဘက်တွေ သူတို့ တပ်ရင်း တပ်ခွဲတွေရှိတယ်။ ကျွန်တော်ရဲ့ညီလေးကိုဟိန်း ဒုတပ်ခွဲမှူးအဖြစ် ဆောင်ရွက်နေတဲ့ Honor PDF နဲ့ ပူးပေါင်းလုပ်ဆောင်နေတာရှိသလို ကိုမန်းအောင်နိုင်ကြည် ဦးဆောင်တဲ့ MIU PDF တပ်ခွဲနဲ့ရောဆောင်ရွက်နေတာမျိုးရှိပါတယ်။

မေး။ ။ စစ်တပ်ရဲ့ ပြည်သူတွေအပေါ် ရက်စက်ယုတ်တဲ့ လုပ်ရပ်တွေအပေါ် ဘယ်လိုသုံးသပ်မလဲ။

ဖြေ။ ။ ပြည်သူကိုကြောက်အောင် လုပ်ပြနေတာပဲ။ ဒါပေမဲ့ ပြည်သူက ကြောက်မသွားဘူး။ တစ်နေ့ထက်တစ်နေ့ သူတို့ကို ပိုပြီးရွံလာကြတယ်။ တော်လှန်ချင်စိတ်တွေပဲပိုဖြစ်လာစေမှာ။ သူတို့အထိနာနေကြပြီ။ ပြည်သူ့အင်အားမှမပါရင် တိုင်းပြည်ကိုယ်စားပြုစစ်တပ်ကြီးပါလို့ဘယ်လောက် ကြေညာထား ကြေညာထား ဒီစစ်ရေးမှာက ဘယ်လိုမှနိုင် နိုင်တဲ့အခြေအနေမရှိဘူး။ ပြည်သူကျွေးတဲ့လစာစား ပြည်သူပေးတဲ့ အခွန်နဲ့လက်နက်ဝယ်ပြီးတော့ ပြည်သူတွေကိုပြန်သတ်နေတဲ့စစ်တပ်ကတော့ဒီပွဲမှာ နိုင်စရာအကြောင်းလုံး၀မရှိဘူး။

မေး။ ။ တပ်ကနေ မစွန့်ခွာသေးတဲ့လူတွေကို ဘာများ‌ပြောချင်လဲခင်ဗျာ။

ဖြေ။ ။ လက်ရှိစစ်တပ်ထဲမှာ အချို့အသိမိတ်ဆွေတွေ သူငယ်ချင်းတွေရှိတယ်။ သူတို့ကိုယ်တိုင်ကလည်း အပြင်ကို ထွက်ချင်နေတယ်။ လာချင်ကြတယ်။ ဒါပေမဲ့ သူတို့ရဲ့ မိသားစုမျက်နှာကို တအားကြည့်ပြီး ရောက်မလာသေးတာလည်းရှိတယ်။ ထွက်ချင်ရဲ့သားနဲ့ အချို့မထွက်နိုင်တာက မိသားစုရှိလို့။ တချို့ကြတော့ အပြင်ရောက်သွားရင် အားကိုးစရာမရှိလို့။ ပြောချင်တာက CDM တွေကို ကူညီပေးနေတဲ့အဖွဲ့အစည်းတွေကိုဆက်သွယ်ပါ။ ပြည်သူ့စစ်သားတွေ ပြည်သူ့ရဲတွေဖြစ်လာဖို့မျှော်လင့်ပါတယ်။

မေး။ ။ အခုတော်လှန်ရေးအတွက် အဓိက ဘာလိုအပ်ချက်တွေရှိလဲ။

ဖြေ။ ။ လိုအပ်ချက်ကတော့ လက်နက် ခဲယမ်း ရိက္ခာပါပဲ။ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေကိုတတ်နိုင်တဲ့ဘက်က ကူညီစောင်ရှောက်ပေး‌ဖို့‌မေတ္တာရပ်ခံချင်ပါတယ်။လက်နက်ကိုင်သူမှ ပြည်သူ့ကာကွယ်ရေး ရဲဘော်မဟုတ်ပါဘူး။ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ယောက်ကိုသိမ်းထားနိုင်သည်ဖြစ်စေ။ လုံခြုံတဲ့နေရာတွေပေးနိုင်သည်ဖြစ်စေ။ သတင်းအချက်အလက် ပေးတာပဲဖြစ်စေ။ ဘယ်လိုပဲကူညီ ကူညီ။ သက်‌ရောက်မှုကအတူတူပါပဲ။

မေး။ ။ တော်လှန်ရေးကာလမှာ ဘယ်လိုအခက်အခဲတွေ အများဆုံးကြုံတွေ့ရလဲ။

ဖြေ။ ။ အခက်အခဲတွေကတော့အများကြီးပေါ့။ ကျွန်တော်တို့လည်း တစ်နှစ်ကျော်ခဲ့ပြီလေ။ ရှောင်ရတိမ်းရတာတွေရှိတယ်။ လက်နက်မပြည့်စုံလို့ ဆုတ်ခွာရတာတွေရှိတယ်။ ရေထဲမိုးထဲ ထမင်းငတ်ခဲ့ရတဲ့အခိုက်အတံ့တွေလည်းရှိတာပေါ့။ ဒီအရာတွေကိုက လက်တွေ့ရင်ဆိုင်ဖူးသူမှ ကိုယ်ချင်းစာနိုင်လိမ့်မယ်။

မေး။ ။ လက်ရှိ NUG ရဲ့ စစ်ရေးဆောင်ရွက်နေမှုတွေအပေါ်မှာရော အားရကျေနပ်မှုရှိရဲ့လား။

ဖြေ။ ။ ပွင့်ပွင့်လင်းလင်းပြောရရင် အားရကျေနပ်မှု ၁၀၀ ရာခိုင်နှုန်းတော့မရှိဘူး။အပြစ်မြင်လို့ ပြောတာမဟုတ်ဘူး။ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုကို အချိန်တိုအတွင်းထူထောင်ရတာမို့လိုအပ်ချက်တွေရှိမယ်။ စစ်ရေးပိုင်းဆိုင်ရာမှာအတွေ့အကြုံအရ အားနည်းချက်တွေရှိကောင်းရှိနိုင်တယ်။ ဒီအရာတွေကိုပဲ အားမရတာပါ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article