ရန်ကုန်၊ ဧပြီ ၂၇
စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်၊ အောင်ချမ်းသာရွာရှိ အကြမ်းဖက် စစ်တပ်စခန်းကို တော်လှန်ရေးတပ်က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ပကဖ အသံထုတ်ပြန်ချက်နှင့် ဒေသ စစ်ရေးသတင်းရင်းမြစ် ပြောဆိုချက်အရ သိရသည်။
ဧပြီလ ၂၅ ရက်နေ့တွင် ကလေးဝမြို့နယ်အတွင်းရှိ အောင်ချမ်းသာ စစ်တပ်အထိုင်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း၊ ထို စစ်တပ် အထိုင်စခန်းသည် ဗျူဟာမြောက်အရေးပါသော စခန်းတစ်ခုဖြစ်ကြောင်း သိရှိရသည်။
ထိုတိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိပြီး တော်လှန်ရေးတပ်များက နယ်မြေရှင်းလင်းရေး လုပ်ဆောင်လျက်ရှိကြောင်း၊ တိုက်ပွဲဖြစ်စဉ် အသေးစိတ်ကို ဆက်လက် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။
“စစ်ခွေး ထိခိုက်သေဆုံးမှုနဲ့ တိုက်ပွဲဖြစ်စဉ် အသေးစိတ်ကိုတော့ သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေက ထုတ်ပြန်ပါလိမ့်မယ်။ လေယာဉ်နဲ့ အကြိမ်ကြိမ် ဗုံးကျဲ ခုခံနေတဲ့ကြားထဲကနေ တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့တော့ သိရတယ်။ နယ်မြေရှင်းလင်းရေးကတော့ ဆက်လက် လုပ်ဆောင်နေတုန်းပဲ” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
ဧပြီလ ၂၆ ရက်နေ့တွင် ကလေးဝမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေတ္တပိတ်ထားသော ရေဦး-ကလေးဝ (မဟာမြိုင်လမ်းပိုင်း) ကို ပြန်လည်ဖွင့်ပေးလိုက်ကြောင်း အသိပေးထုတ်ပြန်ထားသည်။





