ရန်ကုန်၊ ဧပြီ ၂၇
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ချောင်းတောင်မြစ်ကူးတံတားပေါ်တွင် အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ စော်ကားစစ်ဆေးမှုများပြုလုပ်ပြီး မတရားဆက်ကြေးကောက်ခံနေသော ပျူစောထီး ခေါင်းဆောင် မောင်နိုင် ကို ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း ရေးဘီလူး တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ယနေ့ ဧပြီလ ၂၇ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ရေးမြို့နယ်၊ ချောင်းတောင်မြစ်ကူးတံတားပေါ်၌ လမ်းသွားလမ်းလာ အမျိုးသမီးများကို မဖွယ်မရာစစ်ဆေးခြင်း၊ အကြမ်းဖက် စစ်တပ် အလိုကျ လိုက်ပါလုပ်ဆောင်ပေးခြင်း၊ ပြည်သူများထံမှ ငွေကြေးနှင့် တန်ဖိုးကြီး ပစ္စည်းများသိမ်းဆည်းကောက်ခံခြင်းများ လုပ်ဆောင်နေသော ပျူစောထီးခေါင်းဆောင် မောင်နိုင်ကို ရေးဘီလူး တပ်ရင်းက ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့က လမ်းခုလပ်ကနေသူကို စောင့်ဆိုင်းပြီး တိုက်ခိုက်တာဖြစ်တဲ့ အတွက်ကြောင့် ကျွန်တော်တို့ အလစ်အငိုက်ရတာပါ။ အိမ်အပြန်လမ်းမှာစောင့်ပစ်ခဲ့တာ ဒီနေ့ ရှင်းလင်းခဲ့တာပါ။ ပစ္စည်းတွေတော့ သိမ်းဆည်းရရှိတာမရှိဘူး” ဟု ရေးဘီလူး တပ်ရင်းမှ တာဝန်ရှိသူကပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ရေးဘီလူးတပ်ရင်းမှ ရဲဘော်များ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ၊ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။




