ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇
အာဆီယံဘုံသဘောတူညီချက် ၅ ချက်တွင် မြန်မာ့အကျပ်အတည်းအတွက် သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံဆွေးနွေးရေး ပါဝင်သဖြင့် အာဆီယံ အထူးကိုယ်စားလှယ်အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် တွေ့ဆုံရန်ရှိနေကြောင်း အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံခြားဝန်ကြီး Prak Sokhonn က ယနေ့ ပြောဆိုလိုက်သည်။
ယနေ့ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်တွင် ကျင်းပသေ ာအာဆီယံ နိုင်ငံခြား ရေး ဝန်ကြီးများ အစည်းအဝေးအပြီးတွင် အထက်ပါအတိုင်း ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။
ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးက အာဆီယံ အထူးကိုယ်စားလှယ်ဖြစ်သော ၎င်းအနေဖြင့် အာဆီယံဘုံသဘောတူညီချက်အရ NUG အစိုးရနှင့် တွေ့ဆုံသင့်ကြောင်း ပြောဆိုသည်။
“နေပြည်တော်(စစ်ကောင်စီ)က NUG နဲ့ စကားမပြောဘူးဆိုရင် အထူးသံတမန် အနေနဲ့ နှစ်ဖက်အကြား ကူးလူးဆက်ဆံနိုင်တဲ့ တံတားအဖြစ်၊ နှစ်ဖက်ညှိနှိုင်းသူအဖြစ် NUG နဲ့ စကားပြောခွင့်ရှိရပါ့မယ်” ဟု ၎င်းက ဆိုသည်။
သို့ရာတွင် အာဆီယံအထူးကိုယ်စားလှယ်အနေဖြင့် NUG နှင့်တွေ့ဆုံရာတွင် စစ်ကောင်စီနှင့် တင်းမာမှုများမဖြစ်ပေါ်စေသော နည်းလမ်းများဖြင့် တွေ့ဆုံမည်ဖြစ်ကြောင်း ပြောဆိုသည်။