25.2 C
Yangon

စစ်တပ်က မင်းတပ်၊ ကန်ပက်လက်၊ ဆော၊ ရေတာရှည်နှင့် စဉ့်ကူးတို့၌ လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်၊ ရေတာရှည်တွင် ပြည်သူ ၁ ဦး သေဆုံး

Must read

ရန်ကုန်၊ ဇူလိုင် ၁၇

ချင်းပြည်နယ်၊ မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် မန္တလေးတိုင်းတို့ရှိ မြို့နယ်အချို့တွင် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်များ၊ Y-12 ဗုံးကြဲလေယာဉ်များနှင့် လက်နက်ကြီးများအသုံးပြုကာ ဆက်တိုက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ယနေ့ ဇူလိုင်လ ၁၇ ရက်နေ့ ညနေပိုင်းတွင် ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်ရှိ နေရာနှစ်နေရာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့သည်။ တံတားဦးလေတပ်စခန်းမှ ပျံတက်လာသည့် ဂျက်ဖိုက်တာတိုက်လေယာဉ်တစ်စီးသည် ညနေ ၆ နာရီ ၇ မိနစ်နှင့် ၆ နာရီ ၁၂ မိနစ်အချိန်တို့တွင် ပေါက်ကွဲအားပြင်းထန်သည့် ပေါင် ၅၀၀ ဗုံးဟု ယူဆရသော ဗုံးနှစ်လုံးဖြင့် မင်းတပ်မြို့ပေါ်သို့ နှစ်ကြိမ်တိုင်တိုင် လာရောက်ကျဲချတိုက်ခိုက်သွားခြင်းဖြစ်ကြောင်း သိရသည်။

မင်းတပ်မြို့မတိုင်မီ ဇူလိုင်လ ၁၆ ရက်နေ့ ညပိုင်းကလည်း ချင်းပြည်နယ် ကန်ပက်လက်မြို့အနီးနှင့် မကွေးတိုင်း ဆောမြို့နယ်တောင်ခြမ်းတို့ကို စစ်ကောင်စီတပ်က လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်ခဲ့သည်။

ဇူလိုင် ၁၆ ရက်နေ့ ည ၆ နာရီ ၅၄ မိနစ်နှင့် ၇ နာရီ ၈ မိနစ်အချိန်တို့တွင် ကန်ပက်လက်မြို့အနီးတစ်နေရာသို့ တံတားဦးလေတပ်မှ ဂျက်ဖိုက်တာတစ်စီးက ဗုံး ၄ လုံး လာရောက်ကျဲချခဲ့သည်။ ထို့ပြင် ည ၈ နာရီအချိန်ခန့်တွင် ဆောမြို့နယ်တောင်ခြမ်းရှိ နေရာတစ်နေရာကို ဂျက်ဖိုက်တာတစ်စီးဖြင့် ဗုံး ၄ လုံး ကျဲချခဲ့သည့်အပြင်၊ ညပိုင်းအထိ ဆောမြို့နယ်တောင်ခြမ်းသို့ စစ်ကောင်စီ၏ Y-12 ဗုံးကျဲလေယာဉ်ဖြင့် ၅ ကြိမ်ထက်မနည်း လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ စည်ပိုင်းကျေးရွာသို့ ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်နေ့ လယ် ၁၂ နာရီ ၄၀ မိနစ်အချိန်ခန့်က စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် အကြောင်းမဲ့ လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့သည်။

အဆိုပါ ဗုံးကျဲတိုက်ခိုက်မှုကြောင့် စည်ပိုင်းကျေးရွာအတွင်းရှိ အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး ဦးခေါင်းပြတ်ထွက်ကာ နေရာ၌ပင် ပွဲချင်းပြီး သေဆုံးခဲ့ရပြီး၊ အခြားဒေသခံ ပြည်သူတစ်ဦးလည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည့်အပြင် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် စစ်ရေးနှင့်သက်ဆိုင်ခြင်းမရှိသည့် ပြည်သူလူထု နေထိုင်ရာကျေးရွာများနှင့် ဘုန်းတော်ကြီးကျောင်းများကိုပါ ဦးတည်၍ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသဖြင့် မိဘပြည်သူများအနေဖြင့် စစ်ရာဇဝတ်မှုမြောက်သည့် လေကြောင်းအန္တရာယ်နှင့် လက်နက်ကြီးပစ်ခတ်မှု အန္တရာယ်များကို အထူးဂရုပြု ကြိုတင်ကာကွယ်ကြရန် ဒေသအခြေစိုက်အဖွဲ့အစည်းများက နှိုးဆော်ထားသည်။

ထို့အတူ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ထုံကြီးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းက ယနေ့ ဇူလိုင်လ ၁၇ ရက်နေ့တွင် ၈၁ မမ လက်နက်ကြီးများအသုံးပြု၍ ၎င်းတို့စခန်း၏ အနောက်တောင်ဘက်သို့ အဆက်မပြတ် ရမ်းသန်းပစ်ခတ်နေကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ထိခိုက်မှုအခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article