29 C
Yangon

မြန်မာစစ်တပ်ကို ငွေကြေးနှင့် လက်နက်ပံ့ပိုးနေတဲ့ အာဆီယံဒေသတွင်းက အစိုးရတွေ၊ ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တစ်ချို့ ရဲ့ အမည်တွေကို Justice For Myanmar ထုတ်ပြန်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

မြန်မာအာဏာသိမ်းစစ်ကောင်စီ စစ်တပ်ကို ငွေကြေးနဲ့ လက်နက်ပံ့ပိုးနေတဲ့ အာဆီယံဒေသတွင်းက အစိုးရတွေ၊ ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တစ်ချို့ရဲ့ အမည်တွေကို Justice For Myanmar အဖွဲ့က ယမန်နေ့က ထုတ်ပြန်ပြောဆို လိုက်ပါတယ်။

အဆိုပါ အာဆီယံဒေသတွင်းက အစိုးရတွေ၊ ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေဟာ မြန်မာအာဏာသိမ်း စစ်ကောင်စီတပ်ရဲ့ ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါအဖြစ် တိုက်ရိုက်ပါဝင် ပတ်သက်နေတယ်လို့ JFM ကဆိုပါတယ်။

ပါဝင်ပတ်သက်မှုတွေအနေနဲ့ အင်ဒိုနီးရှား နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းစု PT. Pindad ၊ ထိုင်းကုမ္ပဏီ PTT Public Co. Ltd ၊ ဗီယက်နမ်အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာနပိုင် ဆက်သွယ်ရေးကုမ္ပဏီ Viettel Global ၊ ဖိလစ်ပိုင်စစ်လက်နက် ထုတ်လုပ်သည့်ကုမ္ပဏီ United Defense Manufacturing Corporation (UDMC) စတဲ့ အာဆီယံနိုင်ငံတွေက စီးပွားရေးလုပ်ငန်းတွေကို JFM ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အင်ဒိုနီးရှား နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းစုကြီး PT. Pindad အနေနဲ့ ၂၀၂၀ ခုနှစ်အတွင်း မြန်မာနိုင်ငံကို ကျည်ဆံတွေ တင်ပို့ပေးခဲ့တယ်လို့ JFM ကဆိုပါတယ်။ Pindad ဟာ မြန်မာစစ်ကောင်စီရဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဝင်းရှိန်ရဲ့ သားဖြစ်သူ ထူးထူးရှိန်ဦး ပိုင်ဆိုင်တဲ့ စစ်လက်နက်ပွဲစား ကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်တစ်ရပ် ရရှိထားတယ်လို့လည်း သိရပါတယ်။

ထိုင်းနိုင်ငံအစိုးရက ရှယ်ယာအများစုပါဝင်နေသည့် ထိုင်းကုမ္ပဏီ PTT Public Co. Ltd အနေနဲ့လည်း ကုမ္ပဏီခွဲ တစ်ခုကို မြန်မာနိုင်ငံအတွင်း ဓါတ်ငွေ့ရှာဖွေထုတ်ယူရေး စီမံကိန်း အများအပြားမှာ လုပ်ငန်းဆောင်ရွက်နေပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

၂၀၁၇-၁၈ ခုနှစ်အတွင်း မြန်မာအစိုးရအနေနဲ့ အဆိုပါဓါတ်ငွေ့ စီမံကိန်းတွေထဲက တစ်ခုအတွက် အမေရိကန် ဒေါ်လာ သန်း ၄၀ ကျော် ရရှိခဲ့ပြီး လက်ရှိအချိန်မှာ အဲ့ဒီဘဏ္ဍာငွေတွေဟာ တရားမဝင် စစ်ကောင်စီထံ စီးဆင်းဝင်ရောက် နေသေးတယ်လို့ JFM ကဆိုပါတယ်။

ဗီယက်နမ်အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာနပိုင် ဆက်သွယ်ရေးကုမ္ပဏီ Viettel Global အနေနဲ့ မြန်မာစစ်တပ် စီးပွားရေးလုပ်ငန်းစုနဲ့အတူ မိုဘိုင်းဖုန်းကုမ္ပဏီ မိုင်တဲလ်မှာ ပူးတွဲရင်းနှီးမြှုပ်နှံထားပြီး မိုင်တဲလ်ကနေ မြန်မာစစ်တပ်အတွက် အရေးပါတဲ့ အခွန်ဝင်ငွေရင်းမြစ်တစ်ရပ်ကို ပေးအပ်ထားတယ်လို့ ဆိုပါတယ်။

အလားတူဘဲ ဖိလစ်ပိုင်စစ်လက်နက် ထုတ်လုပ်တဲ့ ကုမ္ပဏီ United Defense Manufacturing Corporation (UDMC)က ၂၀၁၇ ခုနှစ်၊ ဩဂုတ်လအတွင်း မြန်မာစစ်တပ်က ရိုဟင်ဂျာများအပေါ် လူမျိုးတုန်း သတ်ဖြတ်မှုစစ်ဆင်ရေး စတင်ချိန် မြန်မာနိုင်ငံကို ၄၅၀ ကီလိုရှိတဲ့ လက်နက်တွေ တင်ပို့ပေးခဲ့တယ်လို့ Justice For Myanmar ရဲ့ထုတ်ပြန်ချက်က ဆိုပါတယ်။

Justice For Myanmarရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “အာဆီယံနဲ့ သူ့ရဲ့ အဖွဲ့ဝင်နိုင်ငံတွေက အကြမ်းဖက်စစ်ကောင်စီအတွက် တရားမဝင် ငွေကြေးရှာဖွေရာမှာ ကြံရာပါပတ်သက်နေကြပြီး သူတို့ရဲ့ ကြီးလေးတဲ့ ရာဇဝတ်မှုတွေကို ပံ့ပိုးပေးနေကြပါတယ်။ သူတို့အနေနဲ့ စစ်တပ်ရဲ့ ရာဇဝတ်မှုတွေကို ငွေကြေးပံ့ပိုးပေးနေရုံသာမက ကလေးသူငယ်တွေကို သတ်ဖြတ်၊ အမျိုးသမီးတွေကို မုဒိန်းကျင့်၊ စစ်ရှောင်ပြည်သူတွေကို အဆင်ခြင်မဲ့ လေကြောင်း တိုက်ခိုက်မှုတွေ နေ့စဥ်ရက်ဆက် ကျူးလွန်နေတဲ့ စစ်တပ်အတွက် ဂုဏ်သိက္ခာပိုင်ဆိုင်ရာ ခဝါချပေးနေ တာလည်း ဖြစ်ပါတယ်”။

“အာဆီယံအစိုးရတွေ၊ ကုမ္ပဏီတွေဟာ စစ်ကောင်စီနဲ့ သူတို့မိတ်ဖက်တွေရဲ့ စီးပွားရေးလုပ်ငန်းတွေ ကိုချက်ချင်း အဆုံးသတ်ရပါမယ်၊ အကြမ်းဖက်စစ်တပ်ကို စစ်လက်နက်နဲ့ စစ်ဘက်ပစ္စည်း ထောက်ပံ့နေတာကို ချက်ချင်းရပ်တန့်ရပါမယ်။ အာဆီယံရဲ့ ဆွေးနွေးဖက်များဖြစ်ကြတဲ့ ဩစတြေးလျ၊ ဂျပန်၊ တောင်ကိုးရီးယား၊ ယူကေ၊ ကနေဒါ၊ ဥရောပသမဂ္ဂနဲ့ တခြားနိုင်ငံတွေဟာ စစ်ကောင်စီနဲ့ သူ့ရဲ့ စီပွားရေးလုပ်ငန်းတွေ၊ မိတ်ဖက်တွေအပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေ မဖြစ်မနေချမှတ်ရမှာဖြစ်ပြီး စစ်တပ်ကို ငွေကြေးထောက်ပံ့ခြင်း မပြုဖို့ အာဆီယံအစိုးရတွေကို ဖိအားပေးမှုတွေလဲ ပြုလုပ်ရမှာဖြစ်ပါတယ်” လို့ ပြောဆိုပါတယ်။

စစ်ကောင်စီကို ထောက်ပံ့မှုပေးနေတဲ့ အာဆီယံနိုင်ငံအတွင်းက လူပုဂ္ဂိုလ်တွေအနေနဲ့ ကမ္ဘောဒီးယား နိုင်ငံသားလက်မှတ် ကိုင်ဆောင်ထားတဲ့ တရုတ်နိုင်ငံက ဝရမ်းပြေး She Zhi Jiang ဟာ မြန်မာနိုင်ငံ၊ ရွှေကုက္ကိုလ်မြို့သစ်က ရထိုက်မြို့တော်စီမံကိန်းကို ထိန်းချုပ်ထားတဲ့ အဓိက ရင်းနှီးမြှုပ်နှံသူ ဖြစ်နေတယ်လို့ JFM ကထောက်ပြထားပါတယ်။ ရထိုက်မြို့တော်စီမံကိန်းကို အာဏာသိမ်းစစ်တပ်ရဲ့ ကွပ်ကဲမှုအောက်က ပြည်သူ့စစ် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ နဲ့အတူ ဖက်စပ်လုပ်ငန်းအဖြစ် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

အလားတူ စင်ကာပူနိုင်ငံရဲ့ ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းဟာ စစ်တပ်ကို ဘဏ္ဍာငွေဆိုင်ရာ ပံ့ပိုးကူညီပေးနေတဲ့ အဓိကရင်းမြစ်တစ်ခုအဖြစ် JFM ကထုတ်ဖော် ပြောဆိုထားပါတယ်။ စင်ကာပူနိုင်ငံဟာ မြန်မာစစ်တပ်နဲ့ မိတ်ဖက်တွေပိုင်ဆိုင်တဲ့ စီးပွားရေးဆိုင်ရာ လုပ်ငန်းတွေအတွက် ဘဏ္ဍာငွေဆိုင်ရာ ဗဟိုချက်မ လိုဖြစ်နေတယ် လို့ဆိုပါတယ်။

စင်ကာပူနိုင်ငံရဲ့ စင်ကာပူအိတ်ချိန်းနဲ့ ငွေကြေးအာဏာပိုင်အဖွဲ့ဟာ မြန်မာစစ်တပ်ကို ငွေကြေးထောက်ပံ့နေတဲ့ ETCနဲ့ တခြားအိတ်ချိန်း စာရင်းဝင်ကုမ္ပဏီတွေကြောင့် ဖြစ်ပွားခဲ့ရတဲ့ ထိခိုက်နစ်နာမှုတွေအတွက် နိုင်ငံတကာဥပဒေတွေအရ တာဝန်ခံရနိုင်ပြီး ထိခိုက်နစ်နာမှု လျော်ကြေးတွေ ပေးချေရနိုင်ဖွယ် ရှိတယ်လို့ JFM ကဆိုပါတယ်။

တရားမဝင် အာဏာသိမ်း ကြိုးပမ်းမှုနောက်ပိုင်း အာဆီယံနိုင်ငံက မြန်မာစစ်ကောင်စီနဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်တာမျိုး မရှိခဲ့ဘူးလို့လည်း JFM ကဆိုပါတယ်။ ဒါကို အာဆီယံခေါင်းဆောင်တွေ အနေနဲ့လည်း အရေးပေါ် ဆောင်ရွက်ဖို့ လိုနေတယ်လို့ Justice For Myanmar အဖွဲ့က ထောက်ပြထားပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article