ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူတစ်ဦး အပိုင်းပိုင်းဖြတ် အသတ်ခံရထားပြီး အသတ်ခံထားရသူမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တပ်သား သိန်းဇော်ဟု ရေးသားထားကြောင်း ကလေးမြို့ခံများထံမှ သိရှိရသည်။ “ဒီမနက် ကလေးမြို့ တောင်သာ ဂေါက်ကွင်းလမ်းကွေ့တံတားမှာ လူတစ်ဦး ခေါင်း၊ ခြေထောက်၊ ခေါင်း တစ်ခုစီ ဖြတ်တောက်ပြီး အသတ်ခံထားရတယ်။ အသတ်ခံရသူက တပ်သား သိန်းဇော်လို့လည်းရေးထားတယ်။ ခုနကအထိတော့ ရှောင်ကွင်းပြီး သွားနေရတယ်။ တပ်နဲ့ရဲလည်း မရောက်သေးဘူး။ အလောင်းက လည်း အဲဒီအတိုင်းကြီးပဲ ” ဟု ဒေသခံတစ်ဦးက ပြောသည်။ ရန်ကုန်ခေတ်သစ်အနေဖြင့် အသတ်ခံရသူသည် အမှန်တကယ် စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်သား သိန်းဇော် ဟုတ်၊ မဟုတ် အတည်ပြုနိုင်ခြင်းမရှိသေးသည့်အပြင် မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကိုလည်း မေးမြန်းအတည်ပြုနိုင်ခြင်း မရှိသေးပေ။ ကလေးမြို့ခံများကမူ အဆိုပါ သတ်ဖြတ်မှုသည် စစ်တပ်၏ အကွက်ကျကျဖြင့် PDF များကို နာမည်ဖျက်သည့် လုပ်ရပ်ဖြစ်နိုင်သကဲ့သို့ သတင်းပေးဟု နာမည်ထွက်သူ သတ်ဖြတ်မှုလည်း ဖြစ်နိုင်သည်ဟု သုံးသပ်မှုများရှိနေသည်။”အခုက မြို့မှာက စစ်တပ်နဲ့ရဲကလည်း ဖမ်းချင်သလို ဖမ်း သတ်ချင်သလို သတ်နေတာ။ တရားဥပဒေလည်း မရှိတော့ဘူး။ အခုလည်း သတ်ပြီး တမင် ပုံဖျက်တာလား။ တကယ်သတ်တာလား သေချာလည်းမသိဘူး။ အခု မြို့က မဆီမဆိုင် လူငယ်တွေ အဖမ်းခံရမှာပဲ စိုးရိမ်တယ်။ အဲဒီလို လုပ်ဇတ် ဖန်တီးပြီး လူငယ်တွေကို လိုက်ဖမ်းမှာစိုးရိမ်တယ်” ဟု ကလေးမြို့မှ ကျောင်းဆရာတစ်ဦးက ဆိုသည်။ ကလေးမြို့နယ်တွင် စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ မကြာခဏဆိုသလို တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး စစ်တပ်က မြို့ပေါ် နေရာအနည်းငယ်တွင်သာ နယ်မြေစိုးမိုးမှု လုပ်ဆောင်နိုင်တော့သည့် အခြေအနေ ရှိသည်ဟု သိရှိရသည်။