29 C
Yangon

ပေါက်မြို့နယ် ကပစ ၂၄ သို့ ဝင်ရောက်သွားသော စစ်တပ် စစ်ကြောင်းက ဆောမြို့နယ် အတွင်းကို ဆက်လက် စစ်ကြောင်းထိုးရန် ပြင်ဆင်နေ၊ ပခုက္ကူတွင်လည်း စစ်တပ် စစ်ကြောင်းထိုးနေ၍ သောင်းနှင့်ချီသော ပြည်သူများ စားနပ်ရိက္ခာလိုအပ်နေ

Must read

ရန်ကုန်၊ မေ ၂၀

မကွေးတိုင်း၊ ပေါက်မြို့နယ် ကပစ ၂၄ သို့ ဝင်ရောက်သွားသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဆောမြို့နယ် အတွင်းကို ဆက်လက် စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း ဆိပ်ဖြူ ပြောက်ကျား တကိုယ်တော်ကျားဇိုး (LDF) မှ ကိုကျားဇိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၁၇ ရက်နေ့မှ စတင်ပြီး ဆိပ်ဖြူမြို့ ကပစ ၂၂ မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပုသိမ်-မုံရွာ လမ်းအတိုင်း စစ်ကြောင်းထိုးလာသောကြောင့် ပေါက်မြို့နယ် တောင်ပိုင်းရှိ ကျေးရွာများမှ ထောင်နှင့် ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြောင်း သိရှိရသည်။

ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ချက်ကန်ကျေးရွာမှ ပြည်သူပိုင် နွားလှည်းများနှင့် စစ်ဘေးရှောင်ပြည်သူ ၄ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ လက်ရှိချိန်တွင် စစ်တပ် စစ်ကြောင်းသည် ပေါက်မြို့နယ် ကပစ ၂၄ သို့ ဝင်ရောက်သွားပြီး အင်အား ၉၀၀ ခန့်ပါဝင်ကြောင်း သိရသည်။

” အခုစစ်ခွေး စစ်ကြောင်းက အကုန်လုံး ပေါက်မြို့ထဲကို ဝင်သွားပြီ။ ပြည်သူ ဖမ်းဆီးသွားတယ် မလွှတ်ခဲ့ဘူး။ ပြည်သူတွေ လှည်း နွားတွေပါ ပါသွားတယ်။ လှည်း ၅ စီးပါသွားတာ ပြည်သူ ၄ ယောက်ကိုလည်း ဖမ်းထားတုန်းပဲ ယောက်ကျားလေးတွေ ပါသွားတယ်။ ပြည်သူပိုင်ပစ္စည်းတွေ ဆန်တွေ အများအပြား ခိုးယူသွားတယ်။ အခုစစ်ခွေးစစ်ကြောင်းက ဆောမြို့နယ်ထဲကို ပြန်ထွက်ဖို့ ပြင်ဆင်နေတယ်။ ဘယ်အချိန် ထွက်လာမလဲဆိုတာကတော့ ကျနော်တို့လည်း စောင့်ကြည့်နေတယ်”ဟု ဆိပ်ဖြူ ပြောက်ကျား တကိုယ်တော်ကျားဇိုး (LDF) မှ ကိုကျားဇိုးက ပြောဆိုသည်။

အလားတူ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က အင်းဝိုင်းရွာမှ စစ်ဘေးရှောင် ပြည်သူ ၁ ဦးကိုပစ်သတ်ပြီး ကျေးရွာ ၈ ခုကို မီးရှို့ဖျက်ဆီးခဲ့ကာ ပြည်သူ ၂ သောင်းကျော် ဘေးလွတ်ရာ တိမ်းရှောင်နေရပြီး စားနိပ်ရိက္ခာများ အရေးပေါ် လိုအပ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၁၂ ရက်နေ့မှ စတင်ပြီး ပခုက္ကူမြို့နယ်၊ အောင်သာပျူစောထီးရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာများကို ဆက်တိုက် စစ်ကြောင်းထိုးပြီး ၎င်းတို့ စစ်ကြောင်းထိုးရာ လမ်းပိုင်းရှိ ပြည်သူ ၁၀ ဦးခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့ကြောင်း၊ ထိုစစ်ကြောင်းသည် မေလ ၁၆ ရက်နေ့ထိ ပခုက္ကူမြို့နယ် အတွင်းရှိ ထန်းတောချာက်ရွာ ၊ ညောင်ပင်ရွာ ၊ ဥယာဉ်ရွာ ၊ နံဂတ်ရွာ ၊ မွန်းနံကုန်းရွာ ၊ အင်းဝိုင်းရွာ ၊ ကူကျွန်းရွာနှင့် သဖန်းပင်ရွာများကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ရာနှင့်ချီ မီးလောင်ပျက်စီးခဲ့ပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ ထို့ပြင် စစ်ကြောင်းသည် မေလ ၁၄ ရက်နေ့က အင်းဝိုင်းရွာကို ဝင်ရောက်စီးနင်းစဉ် အသက် ၃၀ ကျော်အရွယ် စစ်ဘေးရှောင်ပြည်သူ ၁ ဦးကို ပစ်သတ်ခဲ့ကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် စစ်တပ် စစ်ကြောင်းကြောင့် ရွာပေါင်း ၂၀ ကျော်မှ ပြည်သူ ၂ သောင်းကျော်သည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article