ရန်ကုန်၊ မေ ၂၀
တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ကဒဲကျေးရွာအနီး အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မေလ ၂၀ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် မြိတ်မြို့ လေတပ်မှ တက်လာသော ပါရာမော်တာ ၃ စီးသည် ပုလောမြို့နယ် ကဒဲကျေးရွာအနီးကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုလေကြောင်း တိုက်ခိုက်မှု အတွင်း ထွက်ပြေး တိမ်းရှောင်သည့် ပြည်သူ ၁ ဦး ဗုံးစထိမှန်ကာ သေဆုံးပြီး နေအိမ်များ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။
“စစ်ခွေးတွေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ ပါရာမော်တာ ၃ စီးနဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာ ပါရောမော်တာ လာကျဲတဲ့ အချိန် ထွက်ပြေးတိမ်းရှောင်တဲ့ ပြည်သူ ၁ ဦး သေဆုံးတယ်လို့တော့ ကနဦးသိထားရတယ်။ နေအိမ် ပျက်စီးတာမျိုးတော့ မရှိပါဘူး”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် ချင်းပြည်နယ်၊ မင်းတပ်မြို့ကိုလည်း အကမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မေလ ၂၀ ရက်နေ့ ညနေ ၅ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ မိတ္ထီလာ လေတပ်မှာ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက ၄ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုလေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှု ရှိ၊မရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
“ဒီနေ့ ညနေပိုင်းမှာ မင်းတပ်မြို့ပေါ်ကို စစ်ခွေးတွေက ဗုံးကျဲ တိုက်ခိုက်သွားတာ ပြည်သူတွေ ထိခိုက်မှု ရှိ၊မရှိနဲ့ နေအိမ်ပျက်စီးတာ ရှိ၊မရှိကို တော့ အတည်မပြုနိုင်သေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ မေလ ၁၁ ရက်နေ့ကလည်း မင်းတပ်မြို့ပေါ်ကို အကြမ်းဖက် စစ်တပ်က ဂျက်တိုက်လေယာဉ်ဖြင့် ၂ ကြိမ်ဗုံးကျဲခဲ့ကြောင်း၊ ထို့နောက် မေလ ၁၂ ရက်နေ့တွင်လည်း မင်းတပ်မြို့ကို လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ ထို လေကြောင်းတိုက်ခိုက်မှုအတွင်း စစ်သုံ့ပန်းများအပါအဝင် စုစုပေါင်း ၄ ဦး သေဆုံးခဲ့ရပြီး အရပ်သားပြည်သူများ၏ နေအိမ် ၁၅ လုံးခန့်၊ အစိုးရရုံးဌာန အဆောက်အဦ ၁၀ ခုနှင့် မော်တော်ယာဉ် ၄ စီးတို့ ပျက်စီးဆုံးရှုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – မေလ ၁၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပျက်စီးသွားသော မင်းတပ်မြို့ပေါ်မှ အဆောက်အဦးများ။




