ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇
မြင်းခြံမြို့နယ် ကတောကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး သိန်းမြင့်နှင့် ဦးသိန်းစိန်လက်ထက် အုပ်ချုပ်ရေးဟောင်း ဇော်မိုးတို့ ပူးပေါင်းကာ ယမန်နေ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ ညပိုင်းတွင် ရွာသားများကို ရွာပြင်မထွက်ရန်နှင့် ၊ ရွာပြင်ထွက်ပါက ပစ်သတ်မည်ဟု ခြိမ်းခြောက်ကာ လော်စပီကာနှင့် လိုက်လံ အော်၍ သေနတ်များလည်း ပစ်ဖောက်ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
အကြမ်းဖက် စစ်ကောင်စီတပ်များသည် ကတောကျေးရွာရှိ ရွာကျောင်းတွင် တပ်ဆွဲထားပြီး ယမန်နေ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ သေနတ်ပစ်ဖောက်သံကြောင့် ကတောရွာအတွင်းရှိ အသက် ၅၀ ဝန်းကျင် ဒေါ်မော်အမည်ရှိ အမျိုးသမီးတစ်ဦး ကြောက်လန့် နှလုံးဖောက်ကာ သေဆုံးသွားခဲ့ကြောင်း ဒေသခံများက ပြောပြသည်။
“စစ်ခွေးတွေနဲ့ ပေါင်းပြီး မီတာစာရွက်တွေ အတင်းအဓမ္မပေးဆောင်ခိုင်းတယ်။ တခြားရွာတွေမှာ မီတာခ ကောက်ခံတဲ့ အုပ်ကြီးဆို အသတ်ခံရတယ်ဆိုတော့ သူတို့ သတ်ခံရမှာ ကြောက်လို့ လူတွေကို အကြောက်တရား ထည့်နေတယ် ထင်တယ်ဗျ။ အပြင်မထွက်ရဆိုတာ ဘယ်နေ့အထိလဲ မပြောထားဘူး” ဟု အဆိုပါ ကျေးရွာရှိ ဒေသခံများက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။
အဆိုပါ ကတောကျေးရွာတွင် ကျေးရွာသူ ရွာသား အများစုမှာ တောင်သူအဓိက လုပ်ကိုင်ကြသူများ ဖြစ်၍ အပြင်မထွက်ရသည့်အတွက် ဒုက္ခရောက်နေကြကြောင်း၊ ကတောရွာ တောင်ဘက် ရွာရှည်ရွာတွင်လည်း ပြည်သူများကို ရွာပြင်မထွက်ရန် ခြိမ်းခြောက်တားဆီးထားကြောင်း ဒေသခံများ ထံမှ သိရှိရသည်။