31 C
Yangon

နတ်တလင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ၊ အထိနာသော စစ်တပ်က ကွင်းစမ်းကျေးရွာကို မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဧပြီ ၂၈

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိပြီး အထိနာသော စစ်တပ်က ကွင်းစမ်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၆ ရက်နေ့တွင် နတ်တလင်းမြို့နယ်၊ ကွင်းစမ်းရွာဘက်ကို စစ်ကြောင်းထိုးလာသော အင်အား ၁၀၀ ကျော်ပါ စစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ် ဘက်မှ ထိခိုက်သေဆုံးမှုရှိသောကြောင့် စစ်ကြောင်းသည် ကွက်သစ်ဘက်ကို ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

ထိုသို့ တိုက်ပွဲအတွင်း အထိနာခဲ့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဧပြီလ ၂၇ ရက်နေ့တွင် ကွမ်းစမ်းရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သော နေအိမ် အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ပြည်သူများလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“၂၆ ရက်နေ့က စစ်ကြောင်းထိုးလာတဲ့ စစ်ခွေးတွေနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပြီး စစ်ခွေးတွေ ထိခိုက်သေဆုံးမှုရှိလို့ ပြန်ဆုတ်သွားတာ အဲစစ်ခွေးတွေက ၂၇ ရက်နေ့မှာ ကွမ်းစမ်းရွာကို မီးရှို့သွားတာလို့တော့ သိရတယ်။ နေအိမ်ပျက်စီးမှု အခြေအနေကို တော့ မသိရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ပွဲဖြစ်စဉ် အသေးစိတ်ကို သိရှိနိုင်ရန် ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များထံ ရန်ကုန်ခေတ်သစ် သတင်းဌာနက ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည် ဖြေဆိုခြင်းမရှိသေးပေ။

နတ်တလင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဧပြီလ ၈ ရက်နေ့တွင် ကျွန်းလေးပင်ရွာမှ နေအိမ် ၂၅ လုံး၊ ဧပြီလ ၉ ရက်နေ့တွင် ကျောက်ခွက်ရွာမှ နေအိမ် ၃၀ ကျော်၊ ဧပြီလ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့တွင် ဘန့်ဘွေးကုန်းကျေးရွာမှ နေအိမ် ၂၀၀ ကျော်တို့ မီးလောင်ပြာကျခဲ့ပြီး ဧပြီလ ၁၃ ရက်နေ့တွင်လည်း မကျီးပင်ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်က ပဲမခမ်းရွာ ၊ ဘန့်ဘွေးကုန်းရွာ၊ ကျောက်ခွက်ရွာ၊ ကျွန်းလေးပင်ရွာ၊ ချောင်းခမ်းကြီးရွာနှင့် မကျီးပင်ရွာ တို့ကိုလည်း နေ့စဉ် စက်တပ်လေထီး၊ ဒရုန်း၊ လေယာဉ်များဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၃၀ ကျော်အရွယ် ကိုထွန်းထွန်းဦး၊ အသက် ၃၅ နှစ်အရွယ် ကိုလပြည့်ဝန်းနှင့် အမည်မသိ ပြည်သူ ၂ ဦးသေဆုံးကာ နေအိမ် အများအပြားလည်း မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – နတ်တလင်းမြို့နယ်၊ ဖလံပင်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article