36 C
Yangon

နွားထိုးကြီး၊ ပုလဲနှင့် ထီးချိုင့်တွင် စစ်ယာဉ်တန်းများ မိုင်းခွဲခံရ၊ စစ်ကား အနည်းဆုံး ၃ စီးပျက်စီးပြီး စစ်သား သေဆုံးထိခိုက်မှုများရှိ

Must read

ရန်ကုန်၊ မတ် ၅

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်နှင့် စစ်ကိုင်းတိုင်း ပုလဲ၊ ထီးချိုင့်မြို့နယ်များတွင် ကင်းလှည့်စစ်ကားများ၊ ရိက္ခာပို့စစ်ယာဉ်တန်းများကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ယနေ့နံနက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကား အနည်းဆုံး ၃ စီး ပျက်စီးသလို စစ်သား ထိခိုက်သေဆုံးမှုများ ရှိကြောင်း သိရှိရသည်။

နွားထိုးကြီးမြို့နယ်၊ ဝက်လူးရွာနှင့် ပဲချက်ကျေးရွာကြားတွင် ယနေ့ မတ်လ ၅ ရက် နံနက် ၇ နာရီခွဲတွင် အကြမ်းဖက်စစ်ကောင်စီ စစ်ကား ၁ စီးကို နွားထိုးကြီး PDF က မိုင်း ၈ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

“အဲဒီစစ်ကားက နွားထိုးကြီးမြို့ပေါ်ကို ကင်းပတ်ဖို့သွားတာ၊ ဝက်လူးနဲ့ ပဲချက်ရွာကြားမှာ ခွဲတာ၊ အယောင်ပြ ၁ လုံး အရင်ခွဲတယ်။ စစ်သားတွေ ဆင်းလာမှ နောက်ထပ်မိုင်းတွေ ထပ်ခွဲတာ၊ ဘယ်လောက် ထိခိုက်လဲတော့ အတိအကျမသိဘူး၊ လမ်းမှာတွေ့တဲ့ နွားချေးတင်တဲ့ကားကို ချောဆွဲပြီး ထိတဲ့ စစ်သားတွေကို တင်သွားတယ်” ဟု နွားထိုးကြီး PDF က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် ဝက်လူးကျေးရွာတွင် စစ်ကောင်စီတပ်မှ အင်အားအများအပြားဖြင့်တပ်စွဲထားပြီး အနီးပတ်ဝန်းကျင်သို့ မကြာခဏ ကင်းလှည့်လေ့ရှိကြောင်း သိရှိရသည်။

“ဝက်လူးမှာကျ ဗျူဟာမှူးထိုင်တာ၊ ဝက်လူးက ရွာလည်းကြီးတယ်၊ ရဲစခန်းလည်း ရှိတော့လေ။ ခါတိုင်းက သူတို့ ညဖက်တွေလည်း ကင်းပတ်တယ်၊ ကျနော်တို့က စောင့်နေတာ ဒီနေ့မနက်မှ သူတို့က ထွက်လာတာ” နွားထိုးကြီး PDF တပ်ဖွဲ့ဝင် ၁ ဦးက ဆက်လက်ပြောဆိုသည်။

လက်ရှိအချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သည် မိုင်းဆွဲတိုက်ခိုက်ခံရမည်စိုးသဖြင့် ဒေသခံများ၏ နွားလှည်းများကို ချောဆွဲကာ အရှေ့မှသွားခိုင်းပြီး အင်အား ၈၀ ခန့်ဖြင့် တောနင်းရှာဖွေနေကြောင်း သိရှိရသည်။

အလားတူ ယင်းမာပင်၊ လည်ငေါက်ကျေးရွာမှ ပုလဲနယ်ဘက်သို့ ထွက်ခွာလာသည့် စစ်ကောင်စီယာဉ်တန်း ယနေ့ နံနက် ၆ နာရီ ၄၆ မိနစ်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရကြောင်း သိရှိရပြီး စစ်သား ထိခိုက်သေဆုံးမှုစာရင်းကို ကနဦး အတည်မပြုနိုင်သေးပေ။

ထီးချိုင့်မြို့အနောက်ဖက်တွင်လည်း အကြမ်းဖက်စစ်ကောင်စီ၏ ၂၉ စီးပါ ယာဉ်တန်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ယနေ့ နံနက်တွင် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကား ၃ စီး ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ယာဉ်တန်းသည် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မှ ကချင်ပြည်နယ်၊ မိုးညှင်းဘက်သို့ ထွက်ခွာသည့်ယာဉ်တန်းဖြစ်ပြီး စက်သေနတ်တင် ပွိုင့်ကား ၁ စီး၊ ဆီဘောက်ဆာ ၇ စီး၊ ကုန်ကား ၁၅ စီး၊ ကားသေး ၄ စီးနှင့် လာကြိုသည့် ကား ၂ စီး စုစုပေါင်း ၂၉ စီး ယာဉ်တန်းဖြင့်ပြီး ၃ စီးမှာ ပျက်စီးသွားခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဓါတ်ပုံ – နွားထိုးကြီးမြို့နယ်တွင် မိုင်းဆွဲတိုက်ခိုက်ခံရသော ကင်းလှည့် စစ်ကား

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article