33 C
Yangon

ရန်ကုန်တွင် PDF ၂ ဦးကို စစ်တပ်က သတ်ဖြတ်ပြီး ပြည်သူ ၆ ဦးကို ဖမ်းဆီး၊ ပခုက္ကူတွင် ကျောင်းသား ၄ ဦးနှင့် ပြည်သူ ၁ ဦး အဖမ်းခံရ

Must read

ရန်ကုန်၊ မတ် ၅

ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ် ဗောဓိကုန်းရက်ကွက်တွင် ငါးအိမ်စုကျေးရွာသို့ ပြန်လာသည့် PDF လူငယ် ၂ ဦးကို စစ်တပ်က မတ်လ ၁ ရက်နေ့တွင် ပစ်ခတ်ဖမ်းဆီးခဲ့ပြီး PDF လူငယ် ၁ ဦးပွဲချင်းပြီး သေဆုံးခဲ့ကာ ဖမ်းဆီးခံရသော PDF လူငယ် ၁ ဦးမှာလည်း စစ်ကြောရေးတွင် သတ်ဖြတ်ခံလိုက်ရကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ပစ်ခတ်ဖမ်းဆီးခံရသော PDF လူငယ်၁ ဦးသည် ခြေထောက်ကို ကျည်ထိမှန်ခဲ့ကာ စစ်တပ်က စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီးနောက် သတ်ဖြတ်ခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။

အလားတူ ရန်ကုန်တိုင်း ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ဗထူးလမ်းမပေါ်ရှိ ဇော်ကြီးကားဝပ်ရှော့အနီးတွင် မတ်လ ၃ ရက်နေ့ ည ၁၀ နာရီ‌ခန့်အချိန် လူငယ် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦးလိုက်ပါလာသည့်ကားကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဝင်တိုက်ပြီး ကားပေါ်ပါလာသူများကို ရိုက်နှက်ကာ ဖမ်းဆီးသွားကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

ဒဂုံမြို့သစ်မြောက်ပိုင်း ဗထူးလမ်းမအတိုင်း မောင်းနှင်လာသော လူငယ် ၄ဦးလိုက်ပါလာသည့် ကားကို စစ်ကားက ဝင်တိုက်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ခဏအကြာတွင် ကား ၃စီးဖြင့် အရပ်ဝတ်များ ထပ်မံရောက်ရှိလာကာ လူငယ်များကို ရိုက်နှက်ခြင်းများ လုပ်ဆောင်ပြီး သေနတ် ၂ချက် ပစ်ဖောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။

ထို့ပြင်ရန်ကုန်တိုင်း ဒဂုံမြို့သစ် မြောက်ပိုင်း မြို့နယ် ၄၄ ရပ်ကွက် ကျောက်စိမ်းလမ်းရှိ ပြည်သူပိုင် နေအိမ် ၁လုံးကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက မတ်လ ၃ရက်နေ့ ည ၁၁နာရီခန့်တွင် ဝင်ရောက် စီးနင်းခဲ့ပြီး သားအဖ ၂ ဦးကို အကြောင်းမဲ့ ရိုက်နှက် ဖမ်းဆီးခဲ့ကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရ သိရသည်။

မကွေးတိုင်း ပခုက္ကူမြို့ ပေါက်လမ်းနှင့် မြို့ရှောင်လမ်းဆုံ၊ လယ်ယာရွာအနားရှိ ပေါက်လမ်းပေါ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက စစ်ဆေးရေးလုပ်ဆောင်နေစဉ် မတ်လ ၄ရက်နေ့ မွန်းလွဲပိုင်းတွင် အမျိုးသမီး ၁ဦးနှင့် အမျိုးသား ၁ဦး စီးနင်းလာသည့် ဆိုင်ကယ်အား အကြောင်းမဲ့ ပစ်ခတ်ခဲ့ခြင်းကြောင်း အမျိုးသမီး ၁ဦးခြေထောက် ကျည်မှန်ခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်ဖြစ်သော Pakokku city and University News အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။

” မြို့ရှောင်လမ်းဆုံမှာ အပစ်ခံရတဲ့ အမျိုးသမီးဟာ မသေပါဘူး။ ပခုက္ကူ ဆေးရုံကြီးကို ရောက်နေတယ်လို့ သိရတယ်။ ပေါင်ရင်းကို ကျည်ထိသွားတာတဲ့ သူနဲ့ အတူ စီးလာတဲ့ အမျိုးသားကိုတော့ ဖမ်းသွားတယ်လို့ သိရတယ်” ဟု Pakokku city and University News အဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

နောက်ဆက်တွဲအနေဖြင့် ပခုက္ကူတွင် လူငယ် ၂ဦးကို စစ်တပ်က ထပ်မံ ဖမ်းဆီးခဲ့ပြီးနောက် ပခုက္ကူမြို့ အမှတ်၁၅၊ ၁လမ်းရှိ ပြည်သူပိုင် နေအိမ် တစ်အိမ်ကိုလည်း အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဝင်ရောက်စီးနင်းပြီး ပြည်သူ ၁ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ပခုက္ကူတွင် ဖမ်းဆီးခံရသော ကျောင်းသား လူငယ် ၂ ဦး ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article