ရန်ကုန်၊ မတ် ၁၂
စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် အကြမ်ဖက် စစ်ကောင်စီ စစ်ကြောင်းနှင့် ယာဉ်တန်းများ တိုက်ခိုက်ခံရကာ စစ်သား ၂၇ ဦးသေဆုံးခဲ့ကြောင်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။
စစ်ကိုင်းတိုင်း
==========
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်၊ စိမ်းစားရွာတွင် မတ်လ ၁၂ရက်နေ့ နံနက်ပိုင်းက စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များနှင့် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၅ဦးသေဆုံးကာ ၁ဦး အရှင် ဖမ်းမိပြီး လက်နက် ၆လက် သိမ်းဆည်း ရမိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံ မှသိရသည်။
အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို တန့်ဆည်နှင့် ရေဦးမြို့နယ်ရှိ ဒေသခံ PDF တပ်ဖွဲ့များက ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်က အထိနာပြီး စိမ်းစားရွာနှင့် ချောင်းရိုးရွာတို့ကို မီးရှို့ဖျက်ဆီးကာ စိမ်းစာရွာသူ အသက် ၁၅နှစ်အရွယ် မသဲအိဖြူကို ပစ်သတ်ပြီး အသက် ၇ဝ အရွယ် အဖွားအို ၁ဦးကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း မုံရွာ-ချောင်းဦးလမ်းပိုင်းရှိ ရွာသာအေးရွာ (အောင်ရတနာ) ဆီဆိုင် အနီးတွင် မတ်လ ၁၁ရက်နေ့ နံနက် ၈ နာရီခန့်က အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို ချောင်းဦးမြို့နယ် ပြည်သူ့တပ်ဖွဲ့ CHUPDF တပ်ခွဲ(၁)မှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား အရာရှိ ၁ဦးအပါအဝင် တပ်ဖွဲ့ဝင် ၄ဦး သေဆုံးခဲ့ကြောင်း CHUPDFက ထုတ်ပြန်ထားသည်။
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်အတွင်းရှိ ချောင်းဦး-မြင်းမူ လမ်းပိုင်းတွင် မိုင်းရှင်းလင်းရေး လုပ်ဆောင်နေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ ၄ဖွဲ့က မိုင်း ၄၅လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၆ ဦးသေဆုံးခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေး အထူးတပ်ဖွဲ့ (MSPDF) ထံမှ သိရသည်။
အဆိုပါ ချောင်းဦး-မြင်းမူ လမ်းပိုင်းတွင် မိုင်းရှာနေသည့် အကြမ်းဖက် ဖက်စစ်ကောင်စီ စစ်ကားများနှင့် ကင်းပုန်း ဝပ်နေသည့် စစ်ကောင်စီ တပ်ဖွဲ့များကို မတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက မိုင်း ၂လုံးဖြင့် တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ဦးသေဆုံးပြီးနောက် မိုင်းရှာဖွေရေး ဆက်လက် လုပ်ဆောင်နေစဉ် မိုင်း ၃လုံးဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ပြီး စစ်သား ၆ဦး ထပ်မံသေဆုံးခဲ့သည်။
ထို့နောက် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ချောင်းဦးမြို့မှ ထွက်ခွာလာစဉ် ပွိုင့်၉ပွိုင့်တွင် စစ်ကောင်စီ စစ်ကား ၆စီး ပဒေသာမိုင်း အလုံး ၃ဝဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ပြီး စစ်ကား ၁စီး ထိမှန်ပျက်စီးခဲ့ကာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း MSPDF တပ်ဖွဲ့ထံမှ သိရသည်။
ယင်းသို့ တိုက်ခိုက်ခံရပြီးနောက် စစ်သား ၈ဦးသည် မိုင်းရှာဖွေမှုများ ပြုလုပ်နေချိန် ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၈ဦးလုံးသေဆုံးခဲ့ကာ ကျန်ရှိနေသော စစ်သားများ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များကို လိုက်လံပစ်ခတ်ခဲ့ခြင်းကြောင့် ပဒေသာမိုင်း ၁ဝလုံးဖြင့် ထပ်မံတိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း MSPDF က ထုတ်ပြန်ထားသည်။
အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို Chaung U People’s Defense Force (CHUPDF)၊ Myaung Special People’s Defense Force (MSPDF)၊ TTA ပြောက်ကျားတပ်ဖွဲ့နှင့် Natogyi Regional PDF စသည့် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်း
========
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၅၆ လမ်းနှင့် ၁၃၀ လမ်းထောင့်ရှိ (ဆ)ရုံးတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို မတ်လ ၁၂ ရက်နေ့ နံနက် ၁၁ နာရီ ၄မိနစ်ခန့်တွင် မန္တလေး မြို့ပြ ပျောက်ကြားတပ်ဖွဲ့များဖြစ်သော Dragon Warrior အဖွဲ့နှင့် Yadanarbon Phoenix Guerilla Force (YPGF) ပူးပေါင်းတပ်ဖွဲ့များက လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ဦးသေဆုံးခဲ့ကြောင်း Dragon Warrior အဖွဲ့က ထုတ်ပြန်ထားသည်။
ကချင်ပြည်နယ်
========
ကချင်ပြည်နယ် KIA တပ်မဟာ ၃၊ အမှတ် ၂၇ တပ်ရင်း နယ်မြေ အတွင်းရှိ Mung Hkawng Laika Zup Ja ကျေးရွာ အနီးတွင် မတ်လ ၁၂ ရက်နေ့ နံနက် ၉နာရီခန့်က အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များနှင့် KIA တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သားများ ထိခိုက် သေဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။
အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်မ (၈၈) နှင့် ခလရ (၁၂၁) ပူးပေါင်းတပ်များသည် ပြည်သူများ နေထိုင်သည့် ကျေးရွာ အနီးတဝိုက်ကို စစ်ကြောင်းထိုး လာသည့်အတွက် KIA တပ်ဖွဲ့က ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ မတ်လ ၁၀ ရက်နေ့ကလည်း အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များ Hka Kan ရှိ စစ်ကောင်စီ တပ်စခန်းသို့ စစ်လက်နက် အသုံးအဆောင်များနှင့် စားနပ်ရိက္ခာပို့ပြီး ပြန်လာချိန် Maw Swi Hka ချောင်းနှင့် Bang Hkung Yang ကြား အရောက်တွင် KIA တပ်ဖွဲ့များ ကြားဖြတ် စောင့်ဆိုင်းကာ ၃ကြိမ်မိုင်းခွဲ တိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။
ယင်း KIA တပ်မဟာ ၃ နယ်မြေ အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့က စစ်ရေးလုပ်ရှားမှုများ စဉ်ဆက်မပြတ် လုပ်ဆောင်နေကာ KIA တပ်ဖွဲ့များနှင့် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေပြီး မတ်လ(၈) ရက်နေ့တွင်လည်း မုန်းခေါင်တပ်စခန်းမှ စစ်ကောင်စီ တပ်ဖွဲ့များ Maji Gung တပ်စခန်းသို့ အင်အားဖြည့်တင်း လာစဉ် Kumhpya Bum တောင်တွင် KIA တပ်ဖွဲ့များနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီစစ်ကား။