25.9 C
Yangon

နွားထိုးကြီး-ပြင်စည် လမ်းပိုင်းတွင် တိုက်ပွဲပြင်းထန်နေ၍ ပြည်သူများ အသုံးမပြုရန် အသိပေး၊ ပုလဲရှိ ချောင်းကန်ရွာကိုလည်း စစ်တပ်က ယနေ့ ညပိုင်း လက်နက်ငယ်များ ပစ်ခတ်ကာ ဝင်ရောက်စီးနင်းနေ၍ ပြည်သူများ တိမ်းရှောင်နေရ

Must read

ရန်ကုန်၊ ဇွန် ၂၁

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ နွားထိုးကြီး-ပြင်စည် လမ်းပိုင်းတွင် တိုက်ပွဲပြင်းထန်နေ၍ ပြည်သူများ အသုံးမပြုရန် Myingyan District Army-4- Natogyi PDF က အသိပေး ထုတ်ပြန်ထားသည်။

ယနေ့ ဇွန်လ ၂၁ ရက်နေ့တွင် နွားထိုးကြီး-ပြင်စည် လမ်းမပိုင်း၌ တိုက်ပွဲများ ပြင်းထန်နေ၍ ပြည်သူများအနေဖြင့် နံနက် ၅ နာရီအချိန်မှ ည ၇ နာရီအချိန် အထိ အသုံးပြု ဖြတ်သန်းသွားလာခြင်း မပြုလုပ်ရန် Myingyan District Army-4- Natogyi PDF အသိပေးထားသည်။

အဆိုပါ ထုတ်ပြန်ချက်ကို လိုက်နာခြင်းမရှိပါက Natogyi PDF တပ်ရင်းက တာဝန်ယူမည် မဟုတ်ကြောင်း အသိပေး ပြောဆိုထားသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ချောင်းကန်ရွာကို ယနေ့ ညပိုင်း၌ လက်နက်ငယ်များ ပစ်ခတ်ကာ ဝင်ရောက်စီးနင်းနေ၍ ပြည်သူများ တိမ်းရှောင်နေရကြောင်း အညာမြေပုလဲ အဖွဲ့ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ ပြောဆိုချက်အရ သိရသည်။

ယနေ့ ဇွန်လ ၂၁ ရက်နေ့တွင် ပုလဲမြို့နယ်၊ လက်တောင်းကြီးကျေးရွာအတွင်းကို ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယခုည ၇ နာရီခန့်မှ စတင်ပြီး ချောင်းကန်ကျေးရွာအတွင်းကို လက်နှက်ငယ်များ ရမ်းသမ်းပစ်ခတ်ကာ ဝင်ရောက်စီးနင်းနေခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ စစ်တပ် စစ်ကြောင်း ဝင်ရောက်စီးနင်းနေခြင်းကြောင့် ကျေးရွာနေပြည်သူများသည် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရပြီး ပြည်သူများ ထိခိုက်မှု အခြေအနေနှင့် ဖမ်းဆီးခံရသူများရှိ၊မရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“စစ်ခွေးစစ်ကြောင်းက လက်နက်ငယ်တွေနဲ့ ရွာထဲကို ပစ်ဖောက်ပြီးဝင်လာတာပါ။ ပြည်သူတွေလည်း တိမ်းရှောင်နေရတယ်။ ရွာထဲက အခြေအနေကိုတော့ အတည်မပြုနိုင်သေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ် စစ်ကြောင်း ညအချိန် ဝင်ရောက်လာသောကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article