ရန်ကုန်၊ ဇွန် ၂၁
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် အတွင်း စစ်ကြောင်းထိုးခဲ့သော အကြမ်းဖက် စစ်တပ်က ပြည်သူပိုင် နေအိမ် ၁၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မေလပိုင်းမှ စတင်ပြီး လောင်းလုံးမြို့နယ် အတွင်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးခဲ့ပြီး ကဒတ်ကြီးရွာမှ ပြည်သူပိုင် နေအိမ် ၆ လုံးနှင့် စစ်ပြဲရွာမှ ပြည်သူပိုင် နေအိမ် ၉ လုံး မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ မီးရှို့ဖျက်ဆီးခံရမှု နေအိမ်ပိုင်ရှင်များကို တော်လှန်ရေးတပ်ဖွဲ့နှင့် ထောက်ပံ့ရေးအဖွဲ့က ငွေကျပ် သိန်း ၅၀ ကျော် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်းကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက ဇွန်လ ၁၄ ရက်နေ့တွင် ၎င်းတို့ တပ်စွဲထားသော စစ်ပြဲရွာအတွင်း ဝင်ရောက် တိုက်ခိုက်ခဲ့သောကြောင့် စစ်တပ်ဘက်မှ အရာရှိ ၂ ဦးအပါအဝင် ၆ ဦး အပြင်းအထန် ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး စစ်သား အလောင်း ၇ လောင်း အပါအဝင် သေနတ် ၁ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးစစ်ကြောင်းက လောင်းလုံးမြို့နယ်ထဲကို မေလပိုင်းကကော ဇွန်လ ပိုင်းကကော အကြိမ်ကြိမ် စစ်ကြောင်းထိုးပြီး ပြည်သူပိုင် နေအိမ်တွေကို မီးရှို့သွားတာ တိုက်ပွဲကလည်း တောက်လျောက်ကို ဖြစ်ပွားခဲ့တယ်။ အထိနာတဲ့ စစ်ခွေးတွေက ပြည်သူပိုင် နေအိမ်တွေကို မီးရှို့သွားတာ နေအိမ် အားလုံးပေါင်း ၁၅ လုံး မီးလောင်ပျက်စီးခဲ့တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယမန်နေ့ ဇွန်လ ၂၀ ရက်နေ့တွင် လောင်းလုံးမြို့ပေါ်သို့ တိတ်တဆိတ် ပြန်လည် ဆုတ်ခွာသွားပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားလည်း စစ်ကြောင်းထဲတွင် ပါဝင်ကြောင်း သိရသည်။
ထို့ပြင် ချင်းပြည်နယ်၊ မင်းတပ်မြို့နှင့် ကန်ပက်လက်မြို့နယ်အတွင်း ကိုလည်း အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် ယနေ့ ညနေပိုင်းတွင် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။
ယနေ့ ဇွန်လ ၂၁ ရက်နေ့ ညနေ ၆ နာရီ ၂၀ မိနစ်ခန့်မှ စတင်ပြီး တံတားဦးလေတပ်မှ တက်လာသော Y-12 လေယာဉ် ၁ စီးသည် မင်းတပ်မြို့ အရှေ့ခြမ်းကို ဗုံး ၁၅ လုံးထပ်မံ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ ကန်ပက်လက်မြို့နယ်အတွင်းကိုလည်း အဆိုပါ Y-12 လေယာဉ်က လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ် ထပ်မံပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ဇွန်လ ၁၉ ရက်နေ့ကလည်း ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ (ရွာဟောင်း) ရှိ စစ်ဘေးရှောင်အရပ်သားများ နေထိုင်ရာနေရာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦး စုစုပေါင်း ပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။






