ရန်ကုန်၊ မတ် ၁၅
အကြမ်းဖက်စစ်ကောင်စီတပ်သည် ကရင်နီပြည်နယ်ရှိ ကျေးရွာများအတွင်းသို့ လေကြောင်းမှ တိုက်လေယာဉ်များဖြင့် ကျဲချတိုက်ခိုက်သည့် ဗုံးများသည် လူခန္ဓာကိုယ်တခုစာခန့် အရွယ်အစား ရှိ ဗုံးကြီးများဖြစ်ကြောင်း သတင်းရရှိသည်။
အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ ကျဲချခဲ့သည့် မပေါက်ကွဲသေးသည့် ဗုံး ၁ လုံးကို တွေ့ရှိကာ ကရင်နီတပ်မတော်နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ဝင်များက တူးဖော်နေသည့် ဓါတ်ပုံများကို KNDF ရဲဘော်များက လူမှုကွန်ရက်တွင် ယနေ့ ဖော်ပြလာသည်။
“ဗုံးတွေက အရွယ်အစား အရမ်းကြီးတယ်၊ ဗုံးကျပြီးတော့ မြေကြီးထဲကို ကျွံဝင်သွားတဲ့အနက်က ၁၅ ပေလောက်ရှိတယ်။ လူနဲ့ တူးမရလို့ Backhoe (မြေတူးကား) နဲ့ တူးရတယ်” ဟု KNDF တပ်ဖွဲ့ဝင် ၁ ဦးက ပြောသည်။
တူးဖော်ရရှိသည့် ဗုံးသည် အရှည် ၅ ပေကျော် အရွယ်အစားဖြစ်ပြီး မည်သည့် ဗုံးအမျိုးအစားဖြစ်ကြောင်း ကနဦး အတည်မပြုနိုင်သေးပေ။