25 C
Yangon

ရန်ကုန်တွင် PDF ဟု စွပ်စွဲချက်ဖြင့် ကိုစိုးရာဇာနှင့် အစ်မ ၂ ဦးကို စစ်တပ်က ပစ်ခတ်ဖမ်းဆီးပြီး ရွှေငွေ အပါအဝင် အဖိုးတန်ပစ္စည်းများကို လုယူသွား၊ သာကေတမှ မောင်၀သန်ကို စစ်ကြောရေးတွင် စစ်တပ်က သတ်ဖြတ်

Must read

ရန်ကုန်၊ မတ် ၁၅

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ငါးထပ်ကြီးဘုရားအနီးတွင် နေထိုင်သူ ကိုစိုးရာဇာနှင့် မိသားစုဝင် အစ်မ ၂ ဦးကို PDF ဟုစွပ်စွဲပြီး စစ်တပ် ပစ်ခတ်ဖမ်းဆီးကာ နေအိမ်မှ အဖိုးတန် ရွှေ၊ငွေ ပစ္စည်းများကို လုယူသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

မတ်လ ၁၃ ရက်နေ့ နေ့လယ် ၁၂ နာရီ ဝန်းကျင်ခန့်မှ စ၍ ဗဗဟန်းမြို့နယ် ငါးထပ်ကြီးအနောက်တွင် ကိုစိုးရာဇာကို စစ်တပ်က စစ်ကား ၇ စီးဖြင့် အင်အားပြည့် ၀ိုင်းဝန်း ဖမ်းဆီးသွားကြောင်း၊ ကိုစိုးရာဇာကို သေနတ်ဖြင့် ပစ်ခတ်သဖြင့် ခြေထောက်တွင် ကျည်ထိမှန်ကြောင်း၊ မိသားစုဝင် အမ(၂)ဦးကိုလည်း ဖမ်းဆီးသွားကြောင်း၊ နေအိမ်အတွင်းမှ ရွှေ၊ ငွေနှင့် အဖိုးတန်ပစ္စည်းများကိုလည်း လုယူသွားကြောင်း သိရှိရသည်။

သေနတ်ကျည်ထိမှန်ထားသော ကိုစိုးရာဇာ၏ အသက်အန္တရာယ်မှာ လက်ရှိတွင် အထူးစိုးရိမ်နေရကြောင်း သိရှိရသည်။

အလားတူ စစ်တပ်က ရန်ကုန်တိုင်း၊ သာကေတမြို့နယ်မှ မောင်၀သန်ဆိုသူကို စစ်တပ်က စစ်ကြောရေးတွင် သတ်ဖြတ်လိုက်ကြောင်း သိရှိရသည်။

ရန်ကုန်တိုင်း သာကေတမြို့နယ် ၃ရန်ပြေရပ်ကွက် ရန်ပြေ၁၁လမ်း အိမ်အမှတ်၁၅B မြေညီထပ်သို့ မတ်လ ၁၁ ရက်နေ့ ညပိုင်း စစ်တပ်က ဝင်ရောက်စီးနင်းပြီး အိမ်ငှားနေထိုင်သူ လူငယ်၅ဦးကို ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ မတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် လူငယ်၄ဦးသည် မျက်နှာနှင့် ခန္ဓာကိုယ်အနှံ့ အပြား ရိုက်နှက်ခံထားရသောဒဏ်ရာများနှင့်ပြန်လွတ်လာကြောင်း၊ ဖမ်းဆီးခံရသော မောင်ဝသန် အသက်၃၂နှစ်ကိုမူ စစ်တပ်က စစ်ကြောရေးတွင် သတ်ဖြတ်လိုက်ကြောင်း သိရှိရသည်။

“ဆုံးသွားတဲ့ လူငယ် မောင်၀သန်က ဟိုင်းကြီးကျွန်းမြို့နယ် ဇာတိ။ သူတို့က စာအုပ်ချုပ်လုပ်ငန်းလုပ်ကိုင်ကာ နယ်မှမိဘများကို ထောက်ပံ့နေသူများဖြစ်ကြပါတယ်။စစ်တပ်မှအာဏာလုပြီးသည့်အချိန်မှစ၍ အလုပ် အကိုင်အဆင်မပြေဖြစ်နေကြပြီး မိဘကိုလည်း ပြန်မထောက်ပံ့နိုင်ပဲ စားဖို့ပင်အနိုင်နိုင် ဖြစ်နေကြတဲ့အချိန် စစ်တပ်က ဖမ်းဆီးပြီး မောင်၀သန်ကို သတ်ပစ်လိုက်တာပါ။ ပြန်လွတ်လာတဲ့ လူငယ် ၄ ဦးကတော့ နေရပ်ပြန်သွားပါပြီ ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ဖမ်းဆီးခံရသော ကိုစိုးရာဇာ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article